ရန်ကုန်၊ မေ ၁၄
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်ကို ပစ်သတ်ပြီး ရွှေ ၃ ပိဿာ ယူဆောင်သွားသော ဓားပြများကို ဖမ်းမမိသေးကြောင်း နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့)မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့တွင် မွန်းလွဲ ၁ နာရီခန့်တွင် ကျိုင်းတုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကျိုင်းငမ်းဝပ်အင်းလမ်းတွင် ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်သည် ကျိုင်းတုံမြို့မစျေးမှ ဆိုင်သိမ်းပြီး နေအိမ်သို့ ကားဖြင့် ပြန်လာစဉ် ဓားပြ ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ ကားနှင့် ရွှေ ၃ ပိဿာကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း ဦးစိုင်းယီတစ်သည် သေနတ်ကျည် ၃ ချက်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်း ဓားပြ ၃ ဦးသည် ၎င်းတို့ ယူဆောင်သွားသော ကားနှင့် စီးနင်းလာသော ကားကို လွိုင်မွေရွာ-နောင်ချိုရွာ လမ်းပိုင်းတွင် ထားခဲ့ပြီး ရွှေ ၃ ပိဿာကို ယူဆောင်ကာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“တရားခံတွေ မမိသေးဘူး ကား ၂ စီးတော့ ပြန်ရတယ်ပြောတယ်။ ကား ၂ စီးကို ထားခဲ့ပြီး လမ်းလျောက် ထွက်ပြေးသွားတယ်။ ကားတွေထားခဲ့တာ အဲကား ၂ စီးကို လွိုင်မွေရွာနဲ့ နောင်ချိုရွာ သွားတဲ့ လမ်းမှာ ပြန်ရတာလို့ သိရတယ်။ ရွှေ ၃ ပိဿာက ပြန်မရသေးဘူး။ ယူသွားတယ်။ ကား ၂ စီးက ဓားပြတိုက်သွားတဲ့ သူတွေ ယူသွားတဲ့ကားနဲ့ သူတို့ စီးလာတဲ့ကားပေါ့ အဲတာကို သိမ်းမိတာ ကျည်ထိမှန်တာက ၃ ချက် ကျည်ထိမှန်ပြီး သေဆုံးတယ်” ဟု နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့)မှ အဖွဲ့ဝင် က ရှင်းပြသည်။
ကျိုင်းတုံမြို့တွင် မကြာခဏဆိုသလို ဓားပြတိုက်မှု၊ မူးယစ်ဆေးဝါး၊ ခိုးမှုများ အပါအဝင် ရာဇဝတ်မှုများ ထူပြော များပြားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။






