27 C
Yangon

မြန်မာနိုင်ငံတွင် ပဋိပက္ခ အကျပ်အတည်းများကြောင့် အဓမ္မ နေရပ်စွန့်ခွာရသူ ၅ ဒသမ ၃ သန်းအထိ တိုးလာနေပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသော ဒုက္ခသည်နှင့်ခိုလှုံခွင့်တောင်းသူ ၁ ဒသမ ၆ သန်းရှိဟု ကုလသမဂ္ဂပြော

Must read

ရန်ကုန်၊ မေ ၁၄

မြန်မာနိုင်ငံတွင် ပဋိပက္ခ အကျပ်အတည်းများကြောင့် အဓမ္မနေရပ်စွန့်ခွာရသူ ၅ ဒသမ ၃ သန်းအထိ ရှိလာပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသော ဒုက္ခသည်နှင့်ခိုလှုံခွင့်တောင်းသူ ၁ ဒသမ ၆ သန်းရှိနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး- UNHCR က ယမန်နေ့ သတင်းထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် မတ်လကုန်အထိ ရရှိထားသော အချက်အလက်များအရ မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် ဆက်စပ်သောအခြေအနေများကြောင့် အဓမ္မနေရပ်စွန့်ခွာရသူပေါင်း ၅ ဒသမ ၃ သန်း အထိ ရှိလာပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် ပြည်သူ ၃ ဒသမ ၇ သန်း မှာ မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ဖြစ်ကြပြီး ကျန် ၁ ဒသမ ၆ သန်း မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာ ၁ ဒသမ ၈၅ သန်း မှာလည်း နိုင်ငံမဲ့အခြေအနေဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း UNHCR က ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ပြီး ဒေသအားလုံးတွင် နေရပ်စွန့်ခွာရမှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်အပြီး အာဏာပိုင်အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကန့်အသတ်များ ပိုမိုများပြားလာကြောင်း၊ လောင်စာဆီပြတ်လပ်မှုနှင့် ကန့်သတ်ချက်များကြောင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ သွားလာရေး၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေကြောင်း ထောက်ပြထားသည်။

လက်ရှိ မြနမာနိုင်ငံအတွင်း လုံခြုံရေးမရှိခြင်း၊ လမ်းပိတ်ဆို့ခြင်းနှင့် ခရီးသွားလာမှု ထိန်းချုပ်ခြင်းတို့ကြောင့် အကူအညီပေးရေး လမ်းကြောင်းများ ကန့်သတ်ခံထားရသော်လည်း UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဦးစားပေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ အခြေအနေမှာလည်း ဒုက္ခသည်အသစ်များ တိုးလာနေကြောင်း၊ ၂၀၂၄ ခုနှစ်မှစ၍ ရိုဟင်ဂျာ ၁၄၇,၀၀၀ ခန့် စခန်းများသို့ ထပ်မံရောက်ရှိလာခြင်းကြောင့် လိုအပ်ချက်များ ပိုမိုမြင့်တက်လာပြီး အခြေခံဝန်ဆောင်မှုများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း UNHCR ကဆိုသည်။

လတ်တလော ဘဏ္ဍာရေးအထောက်အပံ့ နည်းပါးခြင်းနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ရရှိထားသော အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် အစားအသောက်၊ ကျန်းမာရေး၊ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဲ့သို့သော အသက်ကယ်ဆယ်ရေးလုပ်ငန်းများကိုသာ ဦးစားပေး ဆောင်ရွက်နေရကြောင်း UNHCR က ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသရှိ အကျပ်အတည်းများကြောင့် ကမ္ဘာ့အာရုံစိုက်မှုနှင့် အရင်းအမြစ်များသည် ထိုဘက်သို့ ပြောင်းလဲသွားပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေလိုအပ်ချက်မှာ ပိုမိုခက်ခဲလာနေကြောင်း၊ ကမ္ဘာ့စီးပွားရေးဖိအားများနှင့် အရှေ့အလယ်ပိုင်း အခြေအနေများကြောင့် လောင်စာဆီနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနေကြောင်း ထောက်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article