27 C
Yangon

ကနီမြို့နယ်ရှိ ကျေးရွာ ၆ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ၊ ရွာပေါင်း ၄၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၆ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး ရွာပေါင်း ၄၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ်ခန့်တွင် ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာကို ရောက်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ပင်ဝန်းရွာကို ဦးတည်ပြီး ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြေပြင်မှ စစ်ကြောင်းများခွဲ၍ ရှမ်းမြောင်း ရွာ၊ တဇယ်ချောင်ရွာ ၊ မင်းကုန်းရွာ ၊ ညောင်ပင်ဝန်းရွာနှင့် ပန်းဆိုင်းရွာ ရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ နမခ မှ တက်လာသော အသေခံ ဒရုန်း ၂ စီးသည် ကနဲရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါးဖျက်ရွာ ၊ မုဌောရွာ ၊ မင်းမရွာနှင့် သင့်ဝင်ရွာများကို ဝင်ရောက် စီနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ကာ သမင်ခြံရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ကနီမြို့နယ် အတွင်း မေလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၄ ခုမှ ပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကျေးရွာများကို စစ်ကြောင်းထိုး ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာ အခုက ထွက်ပြေးနေရတဲ့ ရွာတွေက ပိုများလာတယ်။ ကျေးရွာတွေကိုလည်း စစ်ခွေးတွေက ဆက်တိုက်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ကနီမြို့နယ် အတွင်း မေလ ၇ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် မိတ္ထီလာလေတပ်မှ တက်သော ဂျက်ဖိုက်တာ ၁ စီးက ဝင်မနားရွာကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော အသေခံဒရုန်း ၂ စီးသည် စစ်ဘေးရှောင် ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၇ နှစ်အရွယ် စစ်ရှောင် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်တွင်လည်း တံတားဦး လေတပ်မှတက်သော ဂျက်ဖိုက်တာ ၁ စီးသည် ကနီ-မင်းကင်း လမ်းပိုင်းကို လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး အသက် ၅ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦး နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article