ရန်ကုန်၊ မေ ၁၄
မလေးရှားပင်လယ်ပိုင်နက်အတွင်း ခရီးနှင်နေသော MCC Yangon သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား ကိုနေသူအောင်မှာ သင်္ဘောပေါ်တွင် အဆက်အသွယ်မရရှိတော့ဘဲ ၁၀ ရက်ကြာသည်အထိ ပျောက် ဆုံးသွားသော်လည်း သင်္ဘော ကုမ္ပဏီဘက်မှ တိကျသော သတင်းအချက်အလက်တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိဘဲ ကိုနေသူအောင်၏ ပစ္စည်းများကိုသာ မိသားစုထံပြန်ပို့လိုက်ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကိုနေသူအောင်သည် Golden Eagle Co., Ltd မှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် သီလဝါဆိပ်ကမ်းမှ သင်္ဘောစတင်တက်ရောက်ခဲ့ကြောင်း၊ MCC Yangon သင်္ဘောပေါ်တွင် ကိုနေသူအောင်က AB ရာထူးဖြင့် တာဝန်ထမ်းဆောင်နေကြောင်း၊ ကိုနေသူအောင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့ ည ၁၀ နာရီအချိန်အထိ မလေးရှားပင်လယ်ပြင်တွင် သင်္ဘောသွားနေစဉ် နောက်ဆုံးအကြိမ် Online မှတစ်ဆင့် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း၊ ယင်းနောက် ယင်းအချိန်မှစတင်၍ အဆက်အသွယ်ရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။
ကိုနေသူအောင် ပျောက်ဆုံးခဲ့သည့် မေလ ၅ ရက်နေ့မှ ယနေ့ မေလ ၁၄ ရက်နေ့အထိ ၁၀ ရက် ကြာမြင့်လာသော်လည်း သင်္ဘောကုမ္ပဏီရုံးချုပ်ဘက်မှ မိသားစုထံသို့ တရားဝင် အကြောင်းကြားခြင်း သို့မဟုတ် တိကျသော ရှင်းလင်းချက်တစ်စုံတစ်ရာ ပေး အပ်ခြင်း မရှိသေးပေ။
လက်ရှိတွင် သင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့သော ကိုနေသူအောင်၏ ၎င်း၏ နိုင်ငံကူးလက်မှတ် (Passport)၊ အဝတ် အစားများ၊ ပိုက် ဆံအိတ်နှင့် စာရွက်စာတမ်းများကိုသာ မိသားစုထံ ပြန်လည်ပို့ဆောင်ပေးထားပြီး ပျောက်ဆုံးရသည့် အကြောင်းအရင်းကိုမူ မိသားစုထံသို့ ဖြေရှင်းချက် မပေးကြောင်း သိရှိရသည်။
“မိသားစုဝင်တွေအနေနဲ့ ကိုနေသူအောင်ရဲ့ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ပူပန်နေကြပါတယ်။ သေတာလား၊ ရှင်တာလား။ သေသွားရင်ကော ရုပ်အလောင်း ဘယ်မှာလဲ။ အဲဒါတွေ ဘာမှ မသိရဘူး။ သက်ဆိုင်ရာ အာဏာ ပိုင်တွေအနေနဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးစေချင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သင်္ဘောသားအဖွဲ့အစည်းတွေလည်း ကူညီပေးဖို့ အကူအညီတောင်းခံချင်ပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
ကိုနေသူအောင်၏ အသက်အန္တရာယ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိသူများ သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မိသားစုထံသို့ အကြောင်းကြား ကူညီပေးကြရန် အကူအညီတောင်းခံထားသည်။




