ရန်ကုန်၊ မေ ၁၅
အကြမ်းဖက်စစ်တပ်က ကျားဖြန့်အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းလိုက်သဖြင့် BGF၊ DKBA တို့က တရုတ်ကျားဖြန့်ဂိုဏ်းများကို လုံခြုံရေးအာမခံချက်ရှိသော ၎င်းတို့တပ်ရင်းတပ်ဖွဲ့နေရာများသို့ စတင်ပြောင်းရွှေ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းကျားဖြန့် လိမ်လည်မှု တိုက်ဖျက်ရေးဥပဒေတွင် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်း၊ သေဒဏ်အထိ အပြစ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် မြ၀တီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျားဖြန့်တရုတ်ဂိုဏ်းများကို ယခု မေလကုန် နောက်ဆုံးထား၍ BGF ၊ DKBA တပ်ရင်းတပ်ဖွဲ့များ၏ နေရာများထံသို့ ရွှေ့ပြောင်းရန် ယမန်နေ့ ညနေပိုင်းမှစတင်၍ နှိုးဆော်နေကြောင်း သိရှိရသည်။
“စစ်တပ်စိုးမိုးမှုရှိတဲ့ မြ၀တီမြို့နယ်ထဲမှာဆိုရင် ကျားဖြန့် တရုတ်ဂိုဏ်းတွေကို BGF နဲ့ DKBA တွေက မေလကုန် နောက်ဆုံးထားပြီး သူတို့ စိုးမိုးထားတဲ့ ရွာ၊ စခန်းတွေနဲ့ တောင်ကြားတွေကို စရွှေ့ခိုင်းနေပြီ။ အဲဒါက ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွေမှာရောပဲ။ တရုတ်တွေကို ရွှေ့ခိုင်းနေတာ။ နှစ်ဖက်တပ်တွေရှိတဲ့နေရာမှာ စစ်တပ်က ဝင်ဖမ်းရင် သူတို့ ကာကွယ်ရတာခက်လို့ သူတို့ BGF နဲ့ DKBA တပ်နေရာတွေဆီကို ရွှေ့ခိုင်းနေတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြဋ္ဌာန်းထားသော အွန်လိုင်းလိမ်လည်တိုက်ဖျက်ရေးဥပဒေတွင် ဗဟိုကော်မတီ၊ ဒေသဆိုင်ရာ ကော်မတီ၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေး ဗဟိုဌာနများကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ငွေကြေးစီးဆင်းမှုများကို ချက်ချင်းပိတ်ပင်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများဖြင့် နိုင်ငံခြားသားများကို စိစစ်ဖမ်းဆီးခြင်း၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြစ်ဒဏ်များကို ချမှတ်ရာတွင် အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှစတင်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ လူသေဆုံးမှုရှိသော ကျားဖြန့်ဂိုဏ်းများကို သေဒဏ်အထိချမှတ်ရန် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ကျားဖြန့်နှိမ်နင်းရေးဟုဆိုရာ KK Park ၊ မင်းလက်ပံနှင့် ရွှေက္ကိုလ်တို့ကို ဟန်ပြ နှိမ်နင်းခဲ့သော်လည်း နောက်ပိုင်းတွင် DKBA ၊ KNA နှင့် BGF တို့ ၏ ကျားဖြန့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နေမှုကို အရှိန်အဟုန်ဖြင့် လည်ပတ်လျက်ရှိသည်။
DKBA က မြ၀တီမြို့နယ်၊ ဖလူးမြို့သစ်တွင် ကျားဖြန့်မြို့သစ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ကျောက်ခတ်ဒေသတွင်လည်း ကျားဖြန့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည်။ ဘုရားသုံးဆူမြို့တွင်လည်းDKBA မှ ဗိုလ်အေဝမ်းက ကျားဖြန့်ဝင်းများစွာကို တောင်ကြားများနှင့် ကျေးရွာများတွင် တည်ထားကာ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။
အလားတူ BGF နှင့် KNA တို့ကလည်း ကျားဖြန့်လုပ်ငန်းများကို ပုံစံမျိုးစုံဖြင့် ဆက်လက်လုပ်ကိုင်နေပြီး လက်ရှိ ကျားဖြန့်များ ပြန်လည် လည်ပတ်နေသော နေရာများတွင် ဖလူးမြို့သစ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာ၊ ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီး၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ကျားဖြန့် လုပ်ငန်းများစွာ အရှိန်အဟုန်ဖြင့် ကြီးထွားလည်ပတ်နေဆဲဖြစ်သည်။
အထူးသဖြင့် BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင်လည်းကောင်း၊ စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင်လည်းကောင်း ကျားဖြန့် လုပ်ငန်းများ လည်ပတ်နေပြီး ရွှေက္ကိုလ်ကျေးရွာ၊ ကျားဖြန့် ကျင်းတီဆိုက်တွင်လည်း အရှိန်အဟုန်ဖြင့် ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည်။
စစ်တပ်က ကျားဖြန့်နှိမ်နင်းရေးဟု ဟန်ပြလုပ်ဆောင်ပြီးနောက် ကျားဖြန့်ဝင်းများမှာ ယခင်ကဲ့သို့ မြို့ပြ ပုံစံဖြင့် တစ်စုတစ်စည်း လည်ပတ်ခြင်းမရှိတော့ဘဲ ကျားဖြန့်ဝင်းတစ်ခုချင်းစီအလိုက် ပုံစံသစ်ဖြင့် ပေါ်ထွန်းနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
မြဝတီမြို့ရှိ ဖျက်သိမ်းလိုက်သော KK Park အနီး ၅ ကီလိုမီတာခန့်အကွာ တောနက်တစ်နေရာတွင် ခြံစည်းရိုး သံတိုင်အထပ်ထပ် ကာရံထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်စခန်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှား တက်ကြွလှုပ်ရှားသူ အင်ဒရူးဖူး (Andrew Foo) က ယခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ ကျားဖြန့်ဝင်းအသစ်ကို Qingsong Park (သို့မဟုတ်) Thai Hoa Garden ဟု အမည်ပေးထားပြီး အဆိုပါစခန်းသည် လက်ရှိတွင် အလျင်အမြန် တိုးချဲ့တည်ဆောက်နေကြောင်း၊ ယင်းစခန်းကို “KK Park 2.0” ဟုလည်း ခေါ်ဆိုနေကြကြောင်း၊ ယင်းနေရာမှာ ဖျက်သိမ်းခံလိုက်ရသော KK Park နေရာဟောင်း၏ အနောက်ဘက် တောနက်သည့် တောင်ကုန်းများအတွင်းတွင် တည်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ အဓိက လည်ပတ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကြောင်း အမေရိကန်ထောက်လှမ်းရေးက ယခုနှစ် မတ်လအတွင်း အစီရင်ခံစာ ထုတ်ပြန်သတိပေးခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ပျက်ပြားလာမှုနှင့်အတူ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Scam) များအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အကြီး အကျယ် ဖြစ်ထွန်းရာ ဗဟိုချက်ဖြစ်လာနေကြောင်း ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Scams) နှင့် လူကုန်ကူးမှုများ အကြီးအကျယ် အမြစ်တွယ်နေကြောင်း အမေရိကန်က ဆိုသည်။
အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသည် အမေရိကန်နိုင်ငံသားများအပါအဝင် တစ်ကမ္ဘာလုံးကို ပစ်မှတ်ထား ငွေလိမ်နေသည့် Massive Cyber-scam Operations များ အခြေစိုက်ရာနေရာ ဖြစ်လာနေကြောင်း၊ အဆိုပါလုပ်ငန်းများကို အကောင် အထည်ဖော်ရန်အတွက် လူကုန်ကူးမှု (Human Trafficking) ကို အသုံးချနေပြီး၊ လစာကောင်းသည့် နည်းပညာအလုပ်များဟု မက်လုံးပေးကာ ဖမ်းဆီးခေါ်ဆောင်လာသူများကို အတင်းအဓမ္မ ခိုင်းစေနေခြင်းဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည့် ရာဇဝတ်ဂိုဏ်းများ (Chinese-linked criminal syndicates) က အဓိက ကြိုးကိုင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကျားဖြန့် စင်တာများအား နှိမ်နင်းရန် ဖိအားပေးခဲ့သော်လည်း တရုတ်နှင့် ဆက်နွှယ်နေသည့် ရာဇ၀တ်ဂိုဏ်းများသည်သာ ကျားဖြန့် တရားမဝင် ဗဟိုချက်များကို အဓိက ပုံဖော်မောင်းနှင်နေသူများအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
မြန်မာစစ်အုပ်စု၏ နယ်မြေစိုးမိုးမှုများမှာ တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံးလာနေပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားနေခြင်းက တရားမဝင် စီးပွားရေးလုပ်ငန်းများ ထွန်းကားရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။
စစ်တပ်အနေဖြင့် နယ်မြေစိုးမိုးမှု ဆုံးရှုံးလာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှု (Airstrikes) များကိုသာ အဓိက အားကိုးလာရပြီး ၎င်းကြောင့် အရပ်သား သေဆုံးမှု မြင့်တက်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာနေသည်ဟု အစီရင်ခံစာကဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်မှုများသည် အိမ်နီး ချင်းနိုင်ငံများသာမက အင်ဒိုပစိဖိတ် ဒေသတစ်ခုလုံး၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် “ရာဇဝတ်ဂိုဏ်းများ၏ ခိုလှုံရာ (Sanctuary)” ဖြစ်လာနေကြောင်း အမေရိကန်က သတိပေးသည်။




