ရန်ကုန်၊ မေ ၁၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များနှင့် အသေခံဒရုန်းများအသုံးပြုကာ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၊ အရပ်သား ပြည်သူပိုင် မော်တော်ယာဉ်များနှင့်နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ယနေ့ မေလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် မန္တလေးတိုင်း တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ (တိုက်လေယာဉ်) ၁ စီးဖြင့် ချောင်းဦးမြို့နယ်၊ ရှားပင်ကျွန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၃၀၀ ဗုံး ၁ လုံး (စုစုပေါင်း ဗုံး ၂ လုံး) ကျဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ညဉ့်နက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းဆောင်အချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရသော်လည်း သံဃာတော်များနှင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူတစ်ဦးက “စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီတိုင်းသက်သက်ကို လာကျဲသွားတာပါ။ ဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်ပြည်သူတွေလည်း မရှိပါဘူး။ အဖွဲ့အစည်းတွေ နေတာလည်း မဟုတ်ဘူး၊ ဘာအဖွဲ့အစည်းမှ မရှိပါဘူး။ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၁ လုံးနဲ့ ပေါင် ၃၀၀ ဗုံး ၁ လုံး စုစုပေါင်း ဗုံး ၂ လုံး ကျဲသွားတာပါ။ ရှားပင်ကျွန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ ဘုန်းကြီးကျောင်းဆောင်အချို့ပဲ အနည်းငယ် ပျက်စီးခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
အလားတူ မေလ ၁၃ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းရှိ အောင်ချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေ (Kamikaze) အသေခံဒရုန်း ၁ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း ကျေးရွာပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ရွာအတွင်းရှိ ကားဝပ်ရှော့မှ ပြင်ဆင်နေသည့် မော်တော်ယာဉ် ၁ စီး ကားမှန်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အောင်ချမ်းသာရွာသားတစ်ဦးက “လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ ကားဝပ်ရှော့က ကား ၁ စီး ကားမှန်လေး ထိခိုက်ပျက်စီးသွားတယ်။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်တွေကို အထူးသတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် ရွှေဘိုမြို့နယ် မဲတောကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းမေလ ၁၁ ရက်နေ့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်ကြသည့် အသက် ၃၀ ကျော်နှင့် ၅၀ အရွယ် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး (စုစုပေါင်း အရပ်သား ၄ ဦး) ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများနှင့် စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းကဲ့သို့သော အများပြည်သူဆိုင်ရာ နေရာများကို စစ်ကောင်စီတပ်က လေကြောင်းပစ်မှတ်အဖြစ် အင် အားသုံး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးအတွက် အထူးသတိပြု နေထိုင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာဒေသရှိ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




