ရန်ကုန်၊ မေ ၁၆
ပြည်တွင်းပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေမှုကို ပြန်လည်ထိန်းချုပ်ရန်အတွက် စစ်ကောင်စီ၏ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ပြည်တွင်းရှိ နာမည်ကျော်ရွှေဆိုင်ကြီးများကို နေပြည်တော်သို့ ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ကာ စျေးနှုန်းပြန်ချခိုင်းရန် ပြင်ဆင်နေကြောင်း ရွှေကုန်သည်တချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း လက်အောက်ရှိ “ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ” က မေလ ၁၅ ရက်စွဲဖြင့် နာမည်ကျော်ရွှေဆိုင်ကြီးများကို အစည်းအဝေးတက်ရောက်ရန် စာထုတ်ပြန်၍ ဖိတ်ကြားထားသည်။
စစ်တပ်၏ ရွှေစျေးသတ်မှတ်ရေး ကော်မတီအတွင်းရေးမှူး နိုင်မျိုးဟန် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် ဖိတ်ကြားစာအရ လာမည့် မေလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီအချိန် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြင့်မြတ်ရွှေရည်အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များကိုယ်တိုင် မပျက်မကွက် တက်ရောက်ရန် ဆင့်ခေါ်ထားသည်။
မပျက်မကွက် တက်ရောက်ရန် ဆင့်ခေါ်ခံထားရသည့် နာမည်ကျော် ရွှေဆိုင်ကြီး ၁၆ ဆိုင်တွင် အကယ်ဒမီရွှေဆိုင်၊ ဇွဲထက် စိန်ရွှေရတနာဆိုင်၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်၊ ၂၉ ရတနာရွှေဆိုင်၊ မြန်မာ့ချမ်းသာရွှေဆိုင်၊ ရွှေနန်းသုခ စိန်ရွှေရတနာဆိုင်၊ Lucky Diamonds Myanmar စိန်ရွှေရတနာဆိုင်၊ ထာဝရစိန်စီန် စိန်ရွှေရတနာဆိုင်၊ အောင် သမာဓိ စိန်ရွှေရတနာဆိုင်၊ မောင်ကိန်းရွှေဆိုင်၊ ရွှေနန်းထက် စိန်ရွှေရတနာဆိုင်၊ ရွှေချမ်းရွှေဆိုင်၊ သီတာစိန်ရွှေရတနာဆိုင်၊ သင်းရွှေစင်ရွှေဆိုင်၊ ဇေယျာကရွှေဆိုင်၊ သိမ်းငှက်သုံးကောင်စိန်ရွှေရတနာဆိုင် တို့ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် ပြည်တွင်းရွှေစျေးကွက်၌ စစ်ကောင်စီသတ်မှတ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အခေါက်ရွှေရည်ညွှန်းစျေးမှာ တစ်ကျပ်သားလျှင် ၇,၁၀၀,၀၀၀ ကျပ် (၇၁ သိန်း) သာ ရှိသော်လည်း၊ မြေပြင်ပြင်ပပေါက်စျေးတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀,၃၃၀,၀၀၀ ကျပ် (၁၀၃ သိန်းကျော်) အထိ စံချိန်တင် မြင့်တက်လျက်ရှိရာ စျေးနှုန်းကွာဟချက်မှာ သိန်း ၃၀ ကျော်အထိ ဖြစ်ပေါ်နေသည်။
ရွှေကုန်သည်အချို့၏ ပြောပြချက်အရ ယခုအစည်းအဝေးတွင် စစ်ကောင်စီတာဝန်ရှိသူများက ရွှေဆိုင်ကြီးများကို လမ်းညွှန်ဩဝါ ဒပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ပြင်ပပေါက်စျေး သိန်း ၁၀၀ ကျော်ဖြစ်နေသည့် ရွှေစျေးနှုန်းကို အတင်းအဓမ္မ ပြန်လည်နှိမ့်ချရန်နှင့် အစိုးရသတ်မှတ်စျေးအတိုင်းသာ ရောင်းချရန် ဖိအားပေးစေခိုင်းမည့် အခြေအနေဖြစ်ကြောင်း သုံးသပ်ဝေဖန်လျက်ရှိကြသည်။
စစ်ကောင်စီသည် ယခင်ကလည်း ရွှေစျေးနှုန်းကျဆင်းစေရန် ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရွှေဆိုင်အချို့ကို ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ဖူးသော်လည်း ပြည်တွင်းငွေကြေးဖောင်းပွမှုကြောင့် ရွှေစျေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေဆဲ ဖြစ် သည်။
ယခုနှစ်ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုဥက္ကဋ္ဌ ၁ မျိုးသူဝင်းနှင့်အတွင်းရေးမှူး နေမျိုးထက်ကို ရွှေများ သိုလှောင်စျေးတင်ရောင်းချမှုဖြင့် စစ်တပ်က ဖမ်းဆီးထောင်ချထားသည်။





