ရန်ကုန်၊ မေ ၁၇
နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့်မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တို့တွင် အလုပ်မရှိသော လူငယ်များ စစ်မှုထမ်းကြရန်နှင့် စစ်မှုထမ်းပြီးလျှင် ပြည်တွင်းတွင် အလုပ်အကိုင်ရရှိနိုင်သည့်အပြင် ပြည်ပနိုင်ငံများပါ သွားရောက်အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး မြင့်ဆွေ(ခ) မောင်ပုလေး၊ ရာအိမ်မှူးများက အင်ပင်ကျေးရွာအုပ်စုအတွင်းရှိ အလုပ်အကိုင်မရှိသော လူငယ်များအနေဖြင့် စစ်မှုထမ်းကြရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းချိန်တွင်လည်း နိုင်ငံတော်က လစာပေးအပ်မည့်အပြင် စစ်မှုထမ်းပြီးပါကလည်း ပြည်တွင်း အလုပ်အကိုင်များ လွယ်ကူစွာ ရရှိမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ပနိုင်ငံများသို့ပါ နိုင်ငံတော်က ပို့ဆောင် အလုပ်အကိုင်များ စီစဉ်ပေးမည်ဟု ပြောဆိုစည်းရုံးနေကြောင်း သိရှိရသည်။
“အခု သူတို့ရဲ့ စစ်မှုထမ်းခိုင်းဖို့ စည်းရုံးတာက နည်းနည်းပုံစံပြောင်းတယ်။ ပေါ်တာလည်းဆွဲတယ်။ ဒါ့အပြင် စည်းရုံးရေးအဖြစ် ၂ နှစ်ပဲ စစ်မှုထမ်းရမယ်။ စစ်မှုထမ်းပြီး အိမ်ပြန်ခွင့်ရမယ်။ အိမ်ပြန်တယ်ဆိုလည်း အလကားပြန်ရတာမဟုတ်ဘူး။ အလုပ်အကိုင်ရှာပေးမယ်။ ပြည်တွင်း အလုပ်အကိုင်ရတာ အရမ်းလွယ်မယ်။ နောက်ပြီး နိုင်ငံတော်က ပြည်ပကိုပါ အလုပ်အကိုင်နဲ့ ပို့ပေးနိုင်တယ်။ အဲဒါကြောင့် စစ်မှုထမ်းသင့်တယ်ဆိုတာမျိုး လိုက်ပြီး စည်းရုံးနေတာ” ဟု နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ လူငယ်တစ်ဦး၏ ဖခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းသို့ စစ်မှုထမ်းရန် လိုက်လံစည်းရုံးနေသော်လည်း အခြားတစ်ဖက်တွင်မူ စစ်မှုထမ်းကြေးအမည်တပ်ကာ ငွေကြေးများ အတင်းအကျပ်ကောက်ခံနေဆဲဖြစ်ကြောင်း၊ စစ်မှုထမ်းကြေး ငွေပေးဆောင်ထားသည့်ကြားမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ပုလေး (ခေါ်) မြင့်ဆွေ သည် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၅၀၀၀ စီကို အတင်း အကျပ် လိုက်လံကောက်ခံလျက်ရှိပြီး စစ်မှုထမ်းကြေးမပေးပါက မိုးဦးရာသီကာလအတွင်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာသားများမှာ စစ်မှုထမ်းစတင်ခေါ်ယူသည့်အချိန် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၅၀၀၀ စီဖြင့်ပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းကြေးပေးဆောင်ထားသော်လည်း စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့များက လစဉ် ကျေးရွာအတွင်းရှိ နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အင်ပင်တောင်ရွာနှင့် အင်ပင်မြောက်ရွာတို့မှ လူငယ် များကို ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိကြောင်း၊ စစ်မှုထမ်းကြေးမပေးလျှင်လည်း နေအိမ်အပေါ်ထိ တက်၍ ဖမ်းဆီးပေါ်တာဆွဲမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“ရွာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိတာမှာ လူငယ်တွေနဲ့ ယောင်္ကျားသားရှိတဲ့အိမ်တွ အရမ်းဒုက္ခရောက်ကြတယ်။ မိုးဦးကျသီးနှံစိုက်ပျိုးချိန်မှာလည်း ပေါ်တာဆွဲတာတွေက မရပ်တော့ အတော်ကို အခက်တွေ့ကြတာ။ တတ်နိုင်တဲ့ မိဘတွေက သူတို့သားတွေတူတွေကို ရွာမှာ မထားတော့ဘူး။ ထိုင်းကို ပို့တဲ့သူလည်း ပို့၊ ရန်ကုန်ကိုပို့နိုင်တဲ့လူလည်း ပို့ထားကြတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး မြင့်ဆွေ(ခ) မောင်ပုလေးတွင် အသက် ၁၈ နှစ်ကျော်သည့် စစ်မှုထမ်းအကျုံးဝင်နေသော သားတစ်ဦးရှိသော်လည်း သူ၏သားကိုမူ စစ်မှုထမ်းအတွင်း ထည့်သွင်းခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ပန်းကြိုင်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှုးကျော်မြိုင်က လူငယ်များ စစ်မှုထမ်းကြရန်အတွက် စာရင်းကောက်ခံနေပြီး စာရင်းမသွင်းသူများ၊ ထွက်ပြေးသူများကို ဖမ်းဆီးထောင်ချမည်ဟု လည်းကောင်း၊ စစ်တပ်ဖြင့် စစ်မှုမထမ်းသော လူငယ်များ၏ မိဘများကို ဖမ်ဆီး ထောင်ချသွားမည်ဟု လည်းကောင်း အမျိုးမျိုး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခု မေလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၅ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းခံထားရသည့် လူငယ်များ။




