28 C
Yangon

လန်ဒန်မြို့ ၊ ဗြိတိန်ပါလီမန်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် သားဖြစ်သူ ကိုထိန်လင်း အပါအဝင် ပြည်ပရောက် မြန်မာ ၄၀၀ ဝန်းကျင် ဆန္ဒပြတောင်းဆို၊ ဂျာမနီ၊ ဩစတြေးလျနှင့် နယ်သာလန်နိုင်ငံတို့တွင် “PROOF OF LIFE” လှုပ်ရှားမှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ မေ ၁၈

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်လွှတ်တော်ရှေ့တွင် စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံသည့်သက်သေပြပေးရန် တောင်းဆိုသည့် “PROOF OF LIFE” လှုပ်ရှားမှုကို မေလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်ပရောက်မြန်မာ ၄၀၀ ဝန်းကျင် တက်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ လန်ဒန်မြို့ဆန္ဒပြပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို၊ ယူကေရောက် တိုင်းရင်းသား Community များမှ ကိုယ်စားလှယ်များနှင့် တော်လှန်ရေးမိသားစုများ တက်ရောက်ခဲ့ကြသည်။ ဆန္ဒပြပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်အား မိသားစုနှင့် လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးရန်၊ ၎င်းကျန်းမာစွာ ရှိနေကြောင်း ယုံကြည်စိတ်ချရသည့် အထောက်အထားများ ပြသရန်နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။

အလားတူပင် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သက်ရှိထင်ရှားရှိကြောင်း ပြသရန်တောင်းဆိုသည့် “Proof of Life” လှုပ်ရှားမှုကို For Federal Myanmar (Berlin) အဖွဲ့က ဦးဆောင်၍ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက မေလ ၁၇ ရက်နေ့တွင်ပင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့ပြင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပါလီမန်လွှတ်တော်ရှေ့တွင်လည်း ပြည်ပရောက်မြန်မာများ စုပေါင်းကာ အသက် (၈၁) အရွယ်ရှိပြီဖြစ်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ အာမခံချက်ရှိသော သက်သေပြချက်ထုတ်ပြန်ပေးရန် မြန်မာစစ်တပ်ကို ဖိအားပေးရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြပြည်သူများက နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်နေမှု အထောက်အထားတောင်းဆိုမှုကို လူသိရှင်ကြား ထောက်ခံပေးရန်၊ သံတမန်ရေးရာနှင့် နိုင်ငံတကာဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးပေးရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုချက်များကို တင်ပြခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌လည်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လိုလားသူများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆုတောင်းဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခဲ့သည့် အချိန်မှစတင်ကာ ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ပြီး သတင်းအမှောင်ချထားသဖြင့် သားဖြစ်သူ ကိုထိန်လင်းအပါအဝင် ပြည်သူများက ၎င်း၏ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်ပူပန်လျက်ရှိသည်။

အဆိုပါ “Proof of Life” ကမ်ပိန်းလှုပ်ရှားမှုကို ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး၊ ပါဝင်လိုသူများအနေဖြင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၎င်းတို့၏ စိုးရိမ်ချက်များကို ထုတ်ဖော်တောင်းဆိုရန်နှင့် မိမိတို့ရောက်ရှိရာ နိုင်ငံအသီးသီးရှိ အစိုးရဌာနများမှတစ်ဆင့် စစ်တပ်က အထောက်အထား ထုတ်ပြန်ပေးလာစေရန် ကူညီတောင်းဆိုပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

Screenshot

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article