28.8 C
Yangon

အိန္ဒိယ-မြန်မာနယ်စပ်တွင် လှုပ်ရှားနေသော မူးယစ်ကွန်ရက်မှ မြန်မာနိုင်ငံသားမူးယစ်ရာဇာတစ်ဦးကို ဒေလီမြို့တွင် ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ​မေ ၁၈

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို အိန္ဒိယ မူးယစ်ဆေး ဝါးထိန်းချုပ်ရေးဗဟိုဌာန (NCB) က အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိရာ မြန်မာနိုင်ငံအခြေစိုက် မူး ယစ်ရာဇာတစ်ဦးဖြစ်သူ သန်းဆင်းတွောင် (Thancintuang) (ချင်းတွောင် သို့မဟုတ် တွောင်ဂါ ဟုလည်းခေါ်သည်) ကို ဖမ်းဆီးရမိကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရှိရသည်။

ချင်းပြည်နယ်၊ ဘူလ်ဖက်ခ် (Bulfek) ကျေးရွာတွင် နေထိုင်သူဖြစ်သည့် သန်းဆင်းတွောင်ကို NCB အဖွဲ့က ရေ ရှည်စောင့်ကြည့်ခြင်း၊ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ပြည်နယ်အချင်းချင်း စနစ်တကျပူးပေါင်းဆောင် ရွက်ကာ ဆက်တိုက်ခြေရာခံ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီးနောက် ဒေလီမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အတွင်းသတင်းများအရ NCB အဖွဲ့သည် မူးယစ်ဆေးဝါး ကုန်စည်များကိုတင် ကြားဖြတ်ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ၊ တစ်ဖွဲ့လုံးနှင့် စနစ်တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းသည့် (Surgical dismantling) မဟာဗျူဟာကို အသုံးပြုခဲ့ကြောင်း သိရသည်။

၎င်းသည် ယခုနှစ်အတွင်း NCB က ဖမ်းဆီးရမိသည့် ဒုတိယမြောက် မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါးအဓိ က တင်သွင်းသူဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ချင်းပြည်နယ်ကပင် ဖြစ်သည့် လာလ်မင်ဆန်းဂါး (Lalhmingsanga) အား မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ဖူးသည်။

ချင်းတွောင်၏ မူးယစ်ဆေးဝါး လုပ်ငန်းများသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူရ၊ အာသံနှင့် တြီပူရ ပြည်နယ်များအထိ ဖြန့်ကြက်ထားပြီး၊ စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) နှင့် ဘိန်းဖြူ (Heroin) များကို အဓိက အဝယ်တော်အဖြစ် ဖြန့်ဖြူးနေခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးချက်များအရ ၎င်းသည် အဆိုပါ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ် ၄ ခုကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ အစိတ် အပိုင်းအသီးသီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲအထိ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုလမ်း ကြောင်းများကို ကွန်ရက်သဖွယ် ချိတ်ဆက်တည်ဆောက်ထားကြောင်း တွေ့ရှိရသည်။

၎င်းသည် ၁၉၈၅ ခုနှစ် အိန္ဒိယ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအက်ဥပဒေ (NDPS) အရ NCB နှင့် အခြားမူးယစ်နှိမ်နင်းရေးအေဂျင်စီများက တရားစွဲဆိုထားသည့် အမှုပေါင်းများစွာဖြင့် ဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။ ထို့ပြင် မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း (Champhai) ရဲတပ်ဖွဲ့က တရားစွဲထားသည့် အမှု ၂ မှုနှင့် ပြည်နယ်ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနက တရားစွဲထားသည့် အမှု ၆ မှုတို့တွင်လည်း ပါဝင်ပတ်သက်နေသည်။

စုံစမ်းစစ်ဆေးချက်များအရ ၎င်း၏ မူးယစ်ဆေးဝါးကွန်ရက်တစ်ခုလုံး၏ ကာလတန်ဖိုးမှာ အိန္ဒိယရူပီး သန်း ၁,၂၀၀ (ခန့်မှန်းခြေ မြန်မာငွေ ဘီလီယံနှင့်ချီ၍) ရှိကြောင်း ဖော်ပြထားသည်။

၎င်းသည် ၂၀၂၄ ခုနှစ်က မီဇိုရမ်ပြည်နယ် ဒူးလ်တေ (Dulte) ရွာတွင် စိတ်ကြွဆေးပြား ၁၄ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၂ ဒသမ ၈ ကီလိုဂရမ် ဖမ်းဆီးရမိသည့်အမှုနှင့် ၂၀၂၅ ခုနှစ်က ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) တွင် စိတ် ကြွဆေးပြား ၄၉ ဒသမ ၁ ကီလိုဂရမ် ဖမ်းဆီးရမိသည့် အမှုကြီးများတွင် အဓိက တရားခံချုပ် ဖြစ်သည်။

NCB ၏ စုံစမ်းစစ်ဆေးမှုများအရ ချင်းတွောင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဂိုဏ်းဝင်အချို့ကိုလည်း ဆက် တိုက် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အနက် ၎င်း၏လူယုံနှင့် အဓိက လုပ်ငန်းဆောင်ရွက်ပေးသူ ဓနုခန်ထောင်နာ (Vungkhanthawna) ဟာ မြန်မာနိုင်ငံအခြေစိုက် မှောင်ခိုကွန်ရက်မှ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးနှင့် လွှဲပြောင်းပေးအပ်ရေး ကဏ္ဍများတွင် အဓိက ကြိုးကိုင်ခဲ့သူ ဖြစ်သည်။

အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ လာလ်ရမ်ပါရီ (Lalrampari) ဆိုသည့် အမျိုးသမီးမှာမူ မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေကြေးများကို လွှဲပြောင်းပေးသည့် အဓိက ဟွန်ဒီ (Hawala) ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဖြစ်သည်။ ၎င်းအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှရရှိသော ရူပီး ၅ ဒသမ ၆ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်အေးခဲထားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ဆက်လက်စုံစမ်းမှုများအရ အာသံပြည်နယ်တွင် နေထိုင်ပြီး ချင်းတွောင်၏ ကွန်ရက်အတွက် အိန္ဒိယနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေးနှင့် အာသံလမ်းကြောင်း ကုန်စည်ဖြန့်ဖြူးရေးကို တာဝန်ယူပေးခဲ့သည့် အဓိက အိန္ဒိယအချိတ်အဆက် အဘူဆာလေ (Abu Saleh) ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်းကောင်း၊ ၎င်းနှင့် ခရိုင်တစ်ခုတည်းနေ ဂျာဗရူလ်ဟုခ် (Jabrul Hoque) အား ဒီဇင်ဘာလတွင်လည်းကောင်း ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့သည်။

ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအရ တရားခံများနှင့် ဆက်စပ်နေသည့် မသင်္ကာဖွယ်ရာ ဘဏ်အကောင့်အမြောက်အမြားကို စိစစ်တွေ့ရှိရသဖြင့် ဘဏ်အကောင့်များကို ပိတ်ဆို့ထားပြီးဖြစ်ရာ လက်ရှိတွင် အဆိုပါ မူးယစ်မှောင်ခိုအဖွဲ့၏ ဘဏ္ဍာရေးအဆောက်အအုံ (Financial ecosystem) တစ်ခုလုံးကို အမြစ်ပြတ် ဖြိုခွဲနေပြီဖြစ်ကြောင်း အတွင်းသတင်းများအရ သိရသည်။

အဆိုပါအမှုနှစ်ခုလုံး၏ စုံစမ်းစစ်ဆေးချက်များအရ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူရ၊ အာသံ၊ တြီပူရ ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ အဆင့်ဆင့် ချိတ်ဆက်ထားသည့် အလွန်စနစ်ကျသော နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကြီး တည်ရှိနေခြင်းကို သက်သေပြနေသည်။

အဆိုပါ ဂိုဏ်းသည် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးရန်အတွက် လမ်းကြောင်းအသွယ်သွယ်၊ ဒေသခံပွဲစားများ၊ လမ်းပန်း ဆက်သွယ် ရေး ညှိနှိုင်းသူများ၊ ဟွန်ဒီငွေလွှဲလမ်းကြောင်းများနှင့် ဘဏ္ဍာရေးကိုင်တွယ်သူများကို စနစ် တကျ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား မူးယစ်ရာဇာကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွင် ပြည်ပမှနေ၍ မူးယစ်ဆေးဝါး ကွန်ရက်များကို ကြိုးကိုင်ခြယ်လှယ်နေသည့် အဓိက မူးယစ်ခေါင်းဆောင်ကြီးများကို သတင်းအချက်အလက်ဖြင့် ထိထိရောက်ရောက် ပစ်မှတ်ထား နှိမ်နင်းနိုင်ခဲ့သည့် NCB အဖွဲ့၏ မဆုတ်မနစ်သော မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အိန္ဒိယသတင်းများက ဆိုသည်။

ဓာတ်ပုံ- အိန္ဒိယ NCB က မူးယစ်ဆေးဝါးတရားခံတချို့ကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article