ရန်ကုန်၊ မေ ၁၉
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၁ စီးမီးလောင်ပျက်စီးခဲ့ကြောင်း Youths Of Mandalay (Y.O.M) မန္တလေးလူငယ်စစ်ကြောင်း မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ငါန်းဇွန်မြို့ မှ ၁၄ မိုင်လမ်းသို့ ထွက်လာသော စစ်ကား ၂ စီးကို ၁၄ မိုင်း လမ်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားကို မိုင်းထိမှန်ပြီး ကားပေါ်လိုက်ပါလာသော စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ထို့ပြင် မိုင်းထိမှန်ခဲ့သော ကားသည်လည်း မီးလောင်ပျက်စီးခဲ့ပြီး ငါန်းဇွန်မြို့ပေါ်မှ စစ်ကူ စစ်ကား ၅ စီ ထပ်မံ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကူလာသော စစ်တပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။
“အရှေ့ဆုံး ခွေးကားကတော့ မီးလောင်ပျက်စီး သွားတယ်။ ကားပေါ် လိုက်လာတဲ့ စစ်ခွေးအကောင် ၂၀ မှာ ၅ ကောင် သေတယ်။ ကျန်စစ်ခွေးတွေ ဒဏ်ရာအများအပြားရတယ်။ ကျနော်တို့ တိုက်ခိုက်ပြီး မြို့ပေါ်က နောက်ထပ် ခွေးကား ၅ စီး ထပ်ရောက်လာတယ်။ အဲ့စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်တာတွေ အကြာကြီး လုပ်ဆောင်သွားတယ် ” ဟု Youths Of Mandalay (Y.O.M) မန္တလေးလူငယ်စစ်ကြောင်း မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Youths Of Mandalay (Y.O.M) မန္တလေးလူငယ်စစ်ကြောင်း နှင့်အတူ ငါန်းဇွန်မြို့နယ် (ပကဖ)အဖွဲ့မှ ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော စစ်ကား ၁ စီး (ပုံအဟောင်းဖြစ်သည်)
See less




