ရန်ကုန်၊ မေ ၁၉
မကွေးတိုင်း၊ ဆောမြို့နယ်၊ တပြင်းကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ်အရွယ် ဒေါ်မိစိုး (ခ) တင်မာစိုးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အင်အား ၄၀၀ ကျော်ပါ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းသည် ယင်းနေ့ ညနေပိုင်း၌ ဆောမြို့နယ်၊ တပြင်းကျေးရွာကို စတင်ရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး စိတ်ကျန်းမာရေး မကောင်းသူ ဒေါ်မိစိုး (ခ) တင်မာစိုးအပါအဝင် အသက်ရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသဖြင့် လမ်းမလျှောက်နိုင်သူများမှာ ကျေးရွာအတွင်းကျန်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်ရှိနေသူများထဲမှ စိတ်ကျန်းမာရေးမကောင်းသူ ဒေါ်မိစိုး (ခ) တင်မာစိုးကို အကြမ်းဖက် စစ်သားများက ယမန်နေ့ မေလ ၁၈ ရက် နေ့လည်ပိုင်းတွင် မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်လိုက်ကြောင်း ၊ ထို့ပြင် ကျေးရွာအတွင်းရှိ အမျိုးသားတစ်ဦးပါ စစ်သားများက ဖမ်းဆီးထားပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်။
“အသတ်ခံရတာက သေချာတယ်။ အသက်အရွယ်နဲ့ နာမည်တွေပါ အတည်ပြုပေးတဲ့အတွက် စိတ်ကျန်းမာရေးမကောင်းတဲ့ မိစိုး (ခ) တင်မာစိုးအသတ်ခံရတာ သေချာပါတယ်။ ဘယ်ပုံဘယ်နည်း သတ်တယ်ဆိုတာ အတည်ပြုလို့မရသေးဘူး။ စစ်ကြောင်းကလည်း ရွာထဲကနေ မထွက်သေးဘူး။ ကျန်တဲ့သူတွေလည်း ဖမ်းဆီးခံ ရတာရှိတယ်လို့ သိရပေမယ့် အတိအကျ အတည်ပြုလို့မရသေးဘူး၊ ဖုန်းတွေလည်း ဆက်လို့မရတော့ဘူး” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့မေလ ၁၉ ရက်နေ့အထိ တပြင်းကျေးရွာအတွင်း ရှိနေသေးကြောင်း၊ ထို့ပြင် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း တပြင်းကျေးရွာ၏ အနောက်မြောက်ဘက် တနေရာကို နေပြည်တော်မှ တက်လာသော Yak -130 ဂျက်ဖိုက်တာ ၂ စီးက ပေါင် ၃၀၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ မှ ၉ နာရီ ၂၀ မိနစ်အထိလည်း တပြင်းကျေးရွာအနီးတဝိုက်ကို Y-12 လေယာဉ် ပျံဝဲကာ အထုပ် ၂ ထုပ်ကျဲချပေးသွားကြောင်း သိရသည်။
ယင်းစစ်တပ် စစ်ကြောင်းသည် ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်အထိ ဆက်လက် စစ်ကြောင်းထိုးနိုင်ပြီး ကျောက်ထုမြို့ဘက်မှလည်း အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါးလွန်းကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။




