29 C
Yangon

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ယနေ့ မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်ပြီး လော လောဆယ်တွင် စစ်ကောင်စီတပ်များ ကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်သဖြင့် မီးလောင်ပျက်စီးသွားသည့် အိမ်ခြေအရေအတွက် အတိအကျကိုမူ မသိရသေးပေ။

အဆိုပါ မီးရှို့ခံရသည့် မှော်ဝမ်းလေးကျေးရွာအပါအဝင် မှော်ဝမ်းကြီးကျေးရွာနှင့် မော်မောင်းလယန် ကျေးရွာတို့မှ ဒေသခံပြည်သူများသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသဖြင့် နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သည်။

“ဒီကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းလေးကျေးရွာကို စစ်ကောင်စီနဲ့ ပြည် သူ့စစ်ပူးပေါင်းတပ်တွေက မနက် ၂ နာရီလောက်မှာ မီးရှို့ပစ်လိုက်တယ်။ အဲ့မှော်ဝမ်းလေးကျေးရွာတွေ မှော်ဝမ်းကြီးတို့ မော်မောင်းလယန် တို့ဆို စစ်ဘေးတိမ်းရှောင်နေရတာ ၁ နှစ်ကျော်ပြီ။ မှော်ဝမ်းလေးကျေးရွာက ရွာသားတွေက အိမ်မှာမနေကြဘူးပေါ့နော် အကုန်စစ်ရှောင်နေရတယ်။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ ထိုင်နေတော့ အဲ့တော့ သူတို့ စစ်ရှောင်နေရတာ ၁ နှစ်ကျော်ပြီပေါ့။ ဒီမနက်မှာ စစ်ကောင်စီတပ်တွေက မှော်ဝမ်းလေးကျေးရွာကို မီးရှို့ပစ်လိုက်တယ်။ လောလောဆယ်တော့ အဲ့ရွာမှာ စစ်ကောင်စီတပ်တွေရှိတော့ အိမ်ခြေဘယ်လောက်လောင်သွားတယ် အတိအကျတော့ မသိသေးဘူး။ ပြီးရင် စစ်ကောင်စီတပ်တွေရှိတဲ့ အတောအတွင်းဆို မော်မောင်းလယန်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးကျေးရွာတွေက ပြည်သူတွေရဲ့ စည်းစိမ်ပစ္စည်းတွေက အကုန်လုံး အခိုးခံရ ပျက်စီးခံရတဲ့ အခြေအနေတွေရှိတယ်”ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ဖားကန့်မြို့နယ်တွင် ၁ နှစ်အတွင်း လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း၊ ဒေသပြည်သူများ၏ ပြောပြချက်အရ ဖားကန့်ဒေသအတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာသည့် ၁ နှစ်ကျော်ကာလအတွင်း ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း၊ ၁ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းများ၊ လက်နက်ကြီးများအပြင် သေ နတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံအရပ်သားပြည်သူ ၁၃၇ ဦး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၄၀၀ နီးပါးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

“ဖားကန့်ကို ရောက်လာတဲ့ ဒီစစ်ကောင်စီတွေက ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ပြည်သူတွေရဲ့ အိုးအိမ်တွေ စည်းစိမ်တွေ ဖျက်ဆီးမီးရှို့တယ် ပြည်သူတွေကို သတ်ဖြတ်တယ်။ ပြီးရင် ဒီရက်ပိုင်းမှာဆိုရင် ဖားကန့် လုံးခင်း မှော်ဆီစာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ပြည်သူတွေရဲ့ ကျောက်တွေ၊ ဆွဲကြိုးတွေ၊ ပစ္စည်းတွေ၊ ပိုက်ဆံတွေကို လုယူနေတာတွေရှိတယ်။ ဖားကန့်မှာက စစ်ကောင်စီတပ်တွေ တော်တော် သောင်းကျန်းနေတာ ရှိတယ်” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရုံသာမက လမ်းခရီးသွားလာရာတွင်လည်း ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ အဓမ္မလုယက်ခံနေရသဖြင့် လုံခြုံရေးအတွက် အထူးစိုးရိမ်ပူပန်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article