ရန်ကုန်၊ မေ ၂၀
ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေးအုပ်) ၏ ညွှန်ကြားချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ၏ စာရင်းကို အတင်းအဓမ္မ လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မေလ ၁၇ ရက် တနင်္ဂနွေနေ့မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများက ရပ်ကွက်အတွင်းရှိ လူငယ်များ၏ စစ်မှုထမ်းစာရင်းကို လိုက်လံကောက်ယူခဲ့ပြီး၊ စာရင်းပါသွားသည့် လူငယ်များကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ကာ စစ်မှုထမ်းရန် ကိုယ်ရေးရာဇဝင်ပုံစံ (ဖောင်) များကို တစ်ပါတည်း ဖြည့်စွက်ခိုင်းလျက် ရှိသည်။
အဆိုပါ စစ်မှုထမ်းရန် ဖြည့်စွက်ခိုင်းသည့် ကိုယ်ရေးရာဇဝင် ဖောင်ခေါင်းစဉ်တွင် “မိမိဆန္ဒအရ စစ်မှုထမ်းလိုခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် လိမ်လည်ရေးသားကာ အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းနေခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လူငယ်တစ်ဦးက ရှင်းလင်းပြောဆိုသည်။
ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်ရုံးများတွင် စစ်မှုထမ်းရန် လူရွေးချယ်ရာ၌ တရားမျှတစွာ မဲနှိုက်ရွေးချယ်ခြင်းမျိုး လုံးဝမရှိဘဲ အုပ်ချုပ်ရေးမှူးများက ၎င်းတို့ ခေါ်ယူလိုသည့် လူငယ်များကိုသာ ရွေးချယ်ကာ တိုက်ရိုက်ဆင့်ခေါ်နေခြင်း ဖြစ်သည်။
ယင်းသို့ ကောက်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ဆက်စပ်ပတ်သက်သည့် မိသားစုဝင်များ သို့မဟုတ် ၎င်းတို့နှင့် နီးစပ်သည့် နေအိမ်များမှ လူငယ်များကိုမူ စာရင်းထဲတွင် ထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်ထားကြောင်း သိရသည်။
အထူးသဖြင့် ဒလမြို့နယ်၊ မြို့မ ၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးက ၎င်းတို့နှင့် ပတ်သက်နွယ်သော မိသားစု များမှ လူငယ်များကို စစ်မှုထမ်းစာရင်းတွင် မထည့်သွင်းဘဲ ချန်လှပ်ထားသည့်အပြင် စစ်မှုထမ်းစာရင်းထဲတွင် ပါဝင်သွားသည့် လူငယ်များအား စာရင်းပျောက်အောင် လုပ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ပေါက်စျေးဖြင့် အဓမ္မတောင်းခံနေကြောင်း သိရှိရသည်။
“ကျွန်တော့် ညီ စစ်မှုထမ်းစာရင်းပါသွားလို့ ရပ်ကွက်ရုံးမှာ ကိုယ်ရေးရာဇဝင်သွားဖြည့်ရတာ။ ကျွန်တော့်ကိုယ် တိုင် ရုံးကိုလိုက်သွားတာ။ စာရင်းကောက်ခံရတဲ့လူတွေကို ရပ်ကွက်ရုံးကိုခေါ်ပြီး စစ်မှုထမ်းအတွက် ကိုယ်ရေးရာဇဝင်ဖောင် တစ်ခါတည်းဖြည့်သွင်းရတယ်။ ကိုယ်ရေးရာဇဝင်ဖြည့်ရတဲ့ဖောင် ခေါင်းစဉ်မှာ ‘မိမိဆန္ဒအရ စစ်မှုထမ်းချင်ရည်’ ဆိုတဲ့ ခေါင်းစဉ်ရေးထားပါတယ်။ စစ်မှုထမ်းစာရင်းမှာ လောလောဆယ် မထည့်ဘဲ ဖျက်ထားချင်ရင် သိန်း ၂၀ တစ်ခါတည်းပေးရမယ်။ အဲဒါကို ယာယီ ပယ်ဖျက်ထားမယ်ဆိုပြီး ငွေပေါ်တင်တောင်းတယ်” ဟု မြို့မ ၄ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်တိုင်းတွင် အိမ်ထောင်စုများထံမှလည်း စစ်မှုထမ်းကိစ္စကို အကြောင်းပြကာ တစ်အိမ်လျှင် လစဉ် စစ်မှုထမ်းကြေး အနည်းဆုံး ငွေကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ အတင်းအဓမ္မ လိုက်လံကောက်ခံလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များသည် စစ်မှုထမ်းဥပဒေကို အသုံးချကာ ရပ်ကွက်နေ ပြည်သူလူထုအပေါ် အဂတိလိုက်စားမှု၊ ဗြောင်ကျကျ ငွေညှစ်တောင်းခံမှုများနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကို ဒလမြို့နယ်အတွင်း အပြင်းအထန် လုပ်ဆောင်နေကြောင်း၊ တိုင်ကြားမှုများ လုပ်ဆောင်နေသော်လည်း မည်သည့်အရေးယူမှ မရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒလမြို့နယ်အတွင်းတွင် မြင်တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




