ရန်ကုန်၊ မေ ၂၀
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၉၂၅ ကြိမ်ထက်မနည်း စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုဖြစ်သည့် Insecurity Insight ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
Insecurity Insight အဖွဲ့က မေလ ၁၉ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ကာ မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနာတင်ယာဉ်များ ပစ်မှတ်ထားတိုက်ခိုက်ခံရမှု အခြေအနေများကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ၅ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေခံအဆောက်အအုံများနှင့် ဝန်ထမ်းများအပေါ် စစ်တပ်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကျန်းမာရေးဝန်ထမ်း ၁၇၃ ဦး သေဆုံးခဲ့ရပြီး၊ ၉၃၀ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံနှင့် ဆေးရုံ၊ ဆေးခန်းများ ထိခိုက်ပျက်စီးခဲ့ရသည့် အကြိမ်ရေ ၅၀၀ ကျော် ရှိခဲ့သည်။မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် လုပ်ငန်းစဉ်များအပေါ် တိုက်ခိုက်ခံရမှုပေါင်း ၅၃ ကြိမ်အထိ ရှိခဲ့သည်။
စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ရာတွင်လည်း ကျန်းမာရေးကဏ္ဍကို ထိခိုက်စေခဲ့သည့် တိုက်ခိုက်မှုပေါင်း ၈၂ ကြိမ်အထိ ရှိခဲ့သည်။
Insecurity Insight အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်အသုံးပြုမှုများ၊ ကျူးလွန်သူများနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို အချက်အလက်များ ဆက်လက်စုဆောင်းကာ မြေပုံအညွှန်းကိန်းများနှင့်တကွ စဉ်ဆက်မပြတ် ထုတ်ပြန်နေကြောင်း သိရှိရသည်။
လက်ရှိမြန်မာနိုင်ငံမြေပြင်တွင် စစ်ကောင်စီတပ်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံများအား ဆေးဝါးကုသပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးဝန်ထမ်းများမှာ ဘေးကင်းလုံခြုံမှုမရှိဘဲ အသက်အန္တရာယ်အောက်တွင် လုပ်ကိုင်နေရဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က မြောက်ဦးဆေးရုံကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့စဉ်။






