ရန်ကုန်၊ မေ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိနေပြီး သေဆုံးသူ ၅ ဦးထိရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် သံဖြူဇရပ်-ရေးကားလမ်းပိုင်းရှိ မရှိခဏဘုရားနှင့် ဦးခွေးရွာသစ် အကြား လမ်းဘေးတွင် လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား ၃ ဦး၏ ရုပ်အလောင်းကို ဒေသပြည်သူများကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ၃ ဦးသည် သံဖြူဇရပ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဘူတာအနီးရှိ မွန်အေးရိပ်တည်းခိုခန်းတွင် တည်းခိုခဲ့သော ရေနံချေးဖြန့်သည့် လုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ပြီး ဒိုက်ဦးမြို့နယ်၊ ရွှေအင်တုံ ရွာဟောင်းတွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ် ဦးဌေးအောင်နှင့် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင်နေထိုင်သော အသက် ၂၈ နှစ်အရွယ် ကို ရဲထက်အောင်၊ အသက် ၂၄ နှစ်အရွယ် ကိုအောင်ပြည့်စုံ တို့ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရွာနှင့် ကော့လေးရွာ အကြား လမ်းဘေးတစ်နေရာတွင် လက်ပြန်ကြိုးလျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို ဒေသပြည်သူများက ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသေဆုံးသူ ၂ ဦး၏ အမည်နှင့် နေရပ်လိပ်စာများကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လေယာဥ်ပျံကွင်းရွာနှင့် ထင်းရူးရွာမှ ဖြစ်နိုင်ကြောင်း၊ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို နာရေးအသင်းက လာရောက် ကောက်ယူသွားကြောင်း သိရှိရသည်။
“မေလ ၁၃ ရက်နေ့က ၃ လောင်းတွေ့တယ်။ ဒီနေ့ ၂ လောင်းထပ်တွေ့မယ်။ အကုန်လုံးက လက်ပြန်ကြိုးတုပ်ခံရပြီး သေနတ်နဲ့ ပစ်သတ်ခံထားရတွေပဲ။ ဘာကြောင့်သတ်ခံရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိသေးဘူး။ တရားခံလည်းမပေါ်သေးဘူး။ သေဆုံးတဲ့ ပုံစံတွေက တူတူကြီးပဲ အလောင်းတွေမှာလည်း ဒဏ်ရာ ဒဏ်ချက်တွေတွေ့ရတယ်။ မသတ်ခင် နှိပ်စက်ခံထားရတယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်




