ရန်ကုန်၊ မေ ၂၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ရွာပေါင်း ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း Democracy Movement Strike Committee-Dawei အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းရှိသေးကြောင်း၊ ထိုစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ပြဲရွာ အနီးဝန်းကျင်တွင် တပ်ဖြန့်ထားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂေါ့အင်းရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ ရွာထဲ၌ ယာယီတပ်စွဲထားကြောင်း၊ လက်ရှိချိန်တွင် စစ်ကြောင်းကြောင့် စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာ၊ ဂေါ့အင်းကျေးရွာ၊ ရေဖြူကျေးရွာ ၊ ဝံတွင်းကျးရွာ၊ သင်္ကန်းတော၊ ပိန္နဲတောကျေးရွာနှင့် ကျောက်ဖြူကျေးရွာတို့မှ ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အဲဒီ စစ်ကြောင်းက ၂၂ ရက်နေ့ နံနက် အစောပိုင်းတည်းက စစ်ပြဲရွာဘက်ကို ဝင်ရောက်လာတယ်။ လောင်းလုံးမြို့ပေါ်ကနေပြီးတော့ စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာကနေပြီးတော့ ဒီနေ့ နေ့လည်ဆိုရင် ဂေါအင်းကျေးရွာထဲကို ရောက်နေပြီပေါ့။ အခုက ရွာလုံးကျွတ်ကို ရှောင်နေရတယ်။ စစ်ခွေးတွေကတော့ ပြည်သူတွေကို ဖမ်းဆီးတာမျိုးရှိပါတယ်။ အရေအတွက်ကတော့ ခန့်မှန်းဖို့ခက်တယ်။ တော်တော်များများ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတာ လူဦးရေ ၅၀၀၀ လောက်တော့ရှိမှာပေါ့။ စစ်ခွေး စစ်ကြောင်းထိုးလာတဲ့ကျေးရွာတွေမှာ အမျိုးသားတွေ ဖမ်းဆီးတာမျိုးရှိတယ်။ နေအိမ်မီးရှို့တာမျိုး မရှိသေးဘူး။ လက်ရှိမှာ စစ်ခွေးကြောင်းက ဂေါအင်းကျေးရွာတွင် ရှိနေတယ်လို့ သိရတယ်” ဟု Democracy Movement Strike Committee-Dawei အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် သည် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနိုင်ရန် ဧပြီလာပိုင်းမှ စတင်၍ ထားဝယ်မြို့ဘက်မှ စစ်မှုထမ်း တပ်သားသစ် အများအပြား ပါဝင်သော စစ်အင်အားများ ဖြည့်တင်းပြီးနောက် ယနေ့ တွင် စစ်ကြောင်းစတင်ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ကျေးရွာအတွင်းသို့ ထားဝယ်-လောင်းလုံးလမ်းအတိုင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားစဉ် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် အထိနာကာ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ညှင်းမော်ရွာမှ လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာ၍ ရွာထဲ၌ ပိတ်မိသော ပြည်သူများကို ကယ်ထုတ်နေသော PDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသော ကလေးငယ်များ (ပုံအဟောင်းဖြစ်သည်)





