27 C
Yangon

မြန်မာနိုင်ငံအပေါ် အချို့သော နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများရှိသော်လည်း တရုတ်ဦးဆောင်သော နိုင်ငံစုံကုန်သွယ်ရေးစနစ်မှ တစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနေဟု အကြမ်းဖက်စစ်တပ်ဝန်ကြီးက ထုတ်ပြော

Must read

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံအပေါ် အချို့သောနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း နိုင်ငံစုံကုန်သွယ်ရေးစနစ်မှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနေကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အမျိုးသားစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အောင်ကျော်ဟိန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ၂၂ ရက်နေ့ ကျင်းပသည့် တရုတ်နိုင်ငံ စူကျိုးမြို့၌ ကျင်းပခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ် (CPTPP) အဖွဲ့ဝင်နိုင်ငံများ၏ ဆွေးနွေးပွဲတွင် အောင်ကျော်ဟိန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီး စည်းမျဉ်းအခြေခံသည့် ကုန်သွယ်ရေးစနစ်ကို အခိုင်အမာထောက်ခံကြောင်း၊ နိုင်ငံတချို့၏ စီးပွားရေးပိတ်ဆို့မှုများ ရှိနေသော်လည်း နိုင်ငံစုံကုန်သွယ်ရေးစနစ်သည် ကုန်သွယ်ရေးအခွင့် အလမ်းများနှင့် စီးပွားရေးကြီးထွားမှုအတွက် အထောက်အကူများစွာပြုသည်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးကိုသာ အဓိကရှေးရှုခြင်းဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက် မပါရှိကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

၎င်းအပြင် ကုန်သွယ်ရေးဝန်းကျင်ကောင်း ရရှိစေရန်အတွက် ပို့ကုန်၊ သွင်းကုန်နိုင်ငံများအနေဖြင့် အကောက်ခွန်မဟုတ်သော အတားအဆီးများကို မျှမျှတတနှင့် အပြန်အလှန်အကျိုးရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သင့်လျော်သည့် ကုန်သွယ်ရေးခွန်နှုန်းထားများ သတ်မှတ်ခြင်းဖြင့် နိုင်ငံအချင်းချင်း ကုန်သွယ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်ဦးဆောင်သော ဆွေးနွေးပွဲသို့ RCEP နှင့် CPTPP သဘောတူစာချုပ်ဝင် နိုင်ငံများအကြား လွတ်လပ်သောကုန်သွယ်မှုကို ထောက်ခံရန်၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုရှိစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးကိုယ်စားလှယ်လည်းဖြစ်၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ လီချန်ကန် (Li Chenggang) က ဦးဆောင် တက်ရောက်ခဲ့ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး (Green Economy) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article