27 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ့ ခန့်အပ်ထားသည့် သမ္မတရာထူးရယူပြီးနောက်ပိုင်း ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့် ဇွန်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

Must read

ရန်ကုန်၊ မေ ၂၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ရာထူးရယူ ခန့်အပ်ပြီးနောက် လာမည့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေကြောင်း အိန္ဒိယသတင်းမီဒီယာများက သတင်းဖော်ပြသည်။

အိန္ဒိယခရီးစဉ်သည် သူ့ကိုယ်သူ သမ္မတရာထူးခန့်အပ်ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် သွားရောက်မည့် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

လတ်တလောတွင် ခရီးစဉ်သွားရောက်မည့် ရက်စွဲအတိအကျနှင့် ဆွေးနွေးမည့် အစီအစဉ်အပြည့်အစုံကို နှစ်နိုင်ငံအစိုးရဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း၊ ယခုခရီးစဉ်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုကို ပြသနေကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရေရှည်ကျင့်သုံးလာခဲ့သည့် “Act East” မူဝါဒ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း အိန္ဒိယသတင်းများက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်၏ ဇွတ်သမ္မတကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ အိန္ဒိယက ကိုယ်စားလှယ်စေလွှတ်ခဲ့ဖူးသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ကူးလူးဆက်ဆံမှုများသည် မေလဆန်းပိုင်းကစတင်၍ ပိုမိုမြန်ဆန်လာခဲ့ပြီး မေလအစောပိုင်းတွင် အိန္ဒိယရေတပ်ဦးစီးချုပ် အဒ်မီရယ် ဒီးနက်ရှ် ကူမား ထရီပါသီ (Dinesh Kumar Tripathi) သည် မြန်မာနိုင်ငံသို့ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ဘေးအန္တရာယ်အပြီးတွင်လည်း အိန္ဒိယအစိုးရက “Operation Brahma” စစ်ဆင်ရေးဖြင့် စစ်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် နယ်လှည့်ကွင်းဆင်းဆေးရုံအဖွဲ့များ စေလွှတ်ကာ မြန်မာပြည်သူ ထောင်ပေါင်းများစွာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ ပေးအပ်ခဲ့ဖူးသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နယ်စပ်စည်းမျဉ်းကို အတူတကွ မျှဝေထားကြသဖြင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံစလုံးအတွက် အမြဲတမ်း ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သည်။

လက်ရှိတွင် နှစ်နိုင်ငံအကြား အဓိကချိတ်ဆက်မှု စီမံကိန်းကြီးများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်း (အိန္ဒိယနိုင်ငံပိုင် Indian Ports Global Limited က လည်ပတ်နေသည့် ဆိပ်ကမ်း) စီမံကိန်းများကို ဒေသတွင်းကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ဆက်လက်အကောင် အထည်ဖော်လျက် ရှိသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ပြီး အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အမြောက်အမြား တင်သွင်းလျက်ရှိကာ လက်ရှိတွင် အိန္ဒိယသည် မြန် မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်အတွက်မူ အိန္ဒိယခရီးစဉ်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ဒေသတွင်း မဟာ ဗျူဟာမြောက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံနှင့် တရားဝင် ဆက်ဆံရေး တည်ဆောက်နိုင်မည့် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း အိန္ဒိယသတင်းမီဒီယာများက သုံးသပ်ရေးသားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article