ရန်ကုန်၊ မေ ၂၄
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့များသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သဖြင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး၊ အစိုးရအဆောက်အအုံများ၊ ဆိုင်ခန်းများနှင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီသည် မေလ ၁၃ ရက်နေ့မှစ၍ မေလ ၂၂ ရက်နေ့အထိ ချင်းပြည်တောင်ပိုင်းမြို့များအား ဂျက်တိုက် လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က မေလ ၁၃ ရက်နေ့ညနေ ၃ နာရီခွဲဝန်းကျင်အချိန် မင်းတပ်မြို့ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက် ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး မေလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန် မင်းတပ်မြို့အနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။
အလားတူ စစ်တပ်က မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်အချိန် ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင်လည်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ထပ်မံပြုလုပ်ခဲ့သည်။
မေလ ၁၉ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင်လည်း မတူပီမြို့ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲသံနှင့် တုန်ခါမှုတို့ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်တစ်ဦး ထိတ်လန့်ကာ သေဆုံးခဲ့ရသည်။
မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ကန်ပက်လက်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှင့် ညနေ ၆ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။
မေလ ၂၂ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ၄ ကြိမ် ထပ်မံပြုလုပ်ခဲ့သည့်အပြင် နေ့လယ် ၂ နာရီဝန်းကျင်တွင်လည်း မင်းတပ်မြို့အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။
အဆိုပါ ၁၀ ရက်တာအတွင်း ပြုလုပ်ခဲ့သည့် စုစုပေါင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့်အတူ အစိုးရအဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့ပြင် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မေလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင်လည်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်တိတိ ပြုလုပ်ခဲ့သေးသည်။
လက်ရှိအချိန်တွင် လေကြောင်းရန်အန္တရာယ် ဆက်လက်ရှိနေနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လူစုလူဝေးများ ရှောင်ရှားကြရန်၊ မိမိတို့နေအိမ်နှင့် ဈေးဆိုင်များတွင် ဗုံးခိုကျင်းများနှင့် ကတုတ်ကျင်းများကို အဆင်သင့် ပြင်ဆင်ထားကြရန်၊ ထောက် လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များနှင့် လေကြောင်းသတင်းများကို အချိန်နှင့်အမျှ ဂရုပြုနားစွင့်ကာ လေကြောင်းသတိဖြင့် နေထိုင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က တိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ချင်းတော်လှန်ရေးတပ်များက စုပေါင်းခုခံရန် ပြင်ဆင်နေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။






