ရန်ကုန်၊ မေ ၂၄
အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကုန်တင်တွဲ သင်္ဘော (Barge) ၏ အလုံပိတ်နေရာ (Enclosed Space) အတွင်းသို့ စစ်ဆေးလုပ်ရန် ဝင်ရောက်သွားသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘော သား ၁ ဦးတို့မှာ အောက်ဆီဂျင်ပြတ်တောက်သေဆုံးသွားကြောင်း သိရှိရသည်။
မေလ ၆ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျာမာဆင် (Banjarmasin) ဆိပ်ကမ်းတွင ဆိုက်ကပ်ထားသော ကုန်တင်တွဲသင်္ဘောတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား ၃ ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုသူရဇော်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မင်းထက်နှင့် အသက် ၂၈ နှစ်အရွယ် ကိုဟန်ထူးအောင် တို့မှာ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့်အတူ ကုန်တင်တွဲသင်္ဘော၏ ကုန်သိုလှောင်ခန်းအတွင်းသို့ ရေ ဝင်ရောက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် သင်္ဘောဝမ်းဗိုက်ပိုင်းရှိ လူဝင်ပေါက် (Manhole) ကို ဖွင့်လှစ်ကာ ဝင်ရောက်စဉ် အောက်ဆီဂျင်ပြတ်လပ်၍ ၄ ဦးစလုံး သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။
“ဆုံးတာက Enclosed Space ထဲကို ဆင်းရာကနေ ဆုံးတာပါပဲ။ သင်္ဘောသားတွေ အဖြစ်အများဆုံး ဖြစ်စဉ်ပါပဲ။ ရှေ့မှာလည်း မြန်မာသင်္ဘောသား ၂ ဦးဆုံးသွားခဲ့တယ်။ အခုလည်း တစ်ခါ သင်္ဘောသား ၃ ဦး။ အင်မတန် စိတ်မကောင်းစရာပါ” ဟု ရန်ကုန်အခြေစိုက် ဝါရင့်မြန်မာသင်္ဘောကပ္ပတိန်တစ်ဦးက ရှင်းပြသည်။
သေဆုံးသွားခဲ့သော မြန်မာသင်္ဘောသား ၃ ဦး၏ ရုပ်အလောင်းများသည် ယမန် နေ့ မေလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းဖြင့် ပြန်လည်သယ်ဆောင်လာခဲ့ပြီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)က လေဆိပ်မှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်း၊ ကုန်လှောင်ခန်းများအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောငး၊ ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက် ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း မြန်မာသင်္ဘောသားအသိုင်းအ၀ိုင်းက အကြံပြု တိုက်တွန်းထားသည်။
ဓာတ်ပုံ- နာရေးကူညီမှုအသင်း(ရန်ကုန်)






