ရန်ကုန်၊ မေ ၂၅
မြန်မာစစ်အုပ်စုက ၎င်းတို့၏ အွန်လိုင်းတည်ရှိမှုနှင့် ဝါဒဖြန့်ချိရေးယန္တရားများ ဆက်လက်လည်ပတ်နိုင်ရန် ကြိုးပမ်းနေစဉ်အတွင်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့် ၁၀၀ ကျော်ကို Justice For Myanmar(JFM)၏ တိုင်ကြားမှုကြောင့် Facebook က ထပ်မံဖယ်ရှားလိုက်ကြောင်း JFM က သတင်းထုတ်ပြန်သည်။
Justice For Myanmar ၏ တိုင်ကြားမှုအပြီးတွင် Facebook က စစ်တပ်ပိုင် Mytel နှင့် ၎င်း၏ အရောင်းကိုယ်စားလှယ်များ၊ MECtel အရောင်းကိုယ်စားလှယ်များ ပိုင်ဆိုင်သည့် စာမျက်နှာ (Pages) များ၊ ပရိုဖိုင်အကောင့်များ၊ ဂရု (Groups) များနှင့် စစ်ကောင်စီ၏ MRTV နှင့် MWD တို့၏ ဝါဒဖြန့်ချိမှုများကို ဖြန့်ဖြူးနေသည့် အကောင့်များအပါအဝင် စုစုပေါင်း ၁၀၉ ခုကို ထပ်မံဖယ်ရှားခဲ့သည်။
ယခုအရေးယူဆောင်ရွက်မှုသည် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချမှတ်ခဲ့သည့် “စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအပေါ် ပိတ်ပင်တားဆီးသည့် မူဝါဒ” အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Mytel နှင့် MECtel ဆက်သွယ်ရေးကွန်ရက်နှစ်ခုစလုံးမှာ စစ်ရာဇဝတ်ကောင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တိုက်ရိုက်ထိန်းချုပ်ထားသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
အဆိုပါ MEC လုပ်ငန်းစုကြီးကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU)၊ ယူကေ၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့က နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ (Sanctions) ပြင်းထန်စွာ ချမှတ်ထားသည်။
ယင်းဆက်သွယ်ရေးကွန်ရက်များသည် စစ်တပ်အတွက် အဓိကအခွန်ဝင်ငွေများ ရှာဖွေပေးနေသည့်အပြင် ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး (Digital Surveillance) စနစ်များတွင် အသုံးချကာ စစ်အုပ်စုက အရပ် သားပြည်သူများအပေါ် ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တိုက်ရိုက်အားပေးကူညီလျက်ရှိသည်။
Facebook သည် Mytel နှင့် အခြားစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၏ အကောင့်များကို အကြိမ်ကြိမ် ဖယ်ရှားခဲ့သော်လည်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်ကြော်ငြာရောင်းချနိုင်ရန်အတွက် နာမည်အမျိုးမျိုးပြောင်းလဲကာ ဖော်ထုတ်ခံရနိုင်မှုကို ရှောင်ရှားလျက် အွန်လိုင်းပေါ်သို့ နည်းမျိုးစုံဖြင့် ပြန်လည်ပေါ်ထွက်လာလေ့ရှိသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း ဝါဒဖြန့်ချိရေးချန်နယ်ဖြစ်သော MRTV ကို ဗီဒီယိုထုတ်လွှင့်သည့် ပလက်ဖောင်းများဖြစ်သော Twitch နှင့် Kick တို့မှ ဖယ်ရှားခဲ့ပြီးဖြစ်သလို၊ MWD ကိုမူ TikTok မှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အခြားလူမှုမီဒီယာပလက်ဖောင်းများကပါ ဖယ်ရှားခဲ့ခြင်းကြောင့် စစ်အုပ်စု၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နိုင်စွမ်းနှင့် အမုန်းစကားများနှင့် သတင်းအမှားများ ဖြန့်ဝေနိုင်စွမ်းကို များစွာကန့်သတ်နိုင်ခဲ့သည်။
သို့သော်လည်း မြန်မာစစ်အုပ်စု၏ အွန်လိုင်းအကြမ်းဖက်မှုနှင့် ဝါဒဖြန့်ချိမှုများကို အမြစ်ပြတ်တားဆီးနိုင်ရန် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်နေဆဲဖြစ်သည်။
ထို့ကြောင့် Alphabet (Google နှင့် YouTube ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို မိမိတို့၏ ပလက်ဖောင်းများပေါ်မှ လုံးဝပိတ်ပင်တားဆီးပေးရန် JFM က ထပ်မံတောင်းဆိုထားသည်။




