28 C
Yangon

ဗန်းမော်၊ ရွှေကူနှင့် မော်လူးတို့တွင် စစ်တပ်တပ်စွဲထားသော နေရာများကို KIA တပ်ပေါင်းစုက FPVဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား (ရုပ်/သံ)

Must read

ရန်ကုန်၊ မေ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့တို့တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ပေါင်းစုက FPV ဒရုန်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားနေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဧပြီလ သင်္ကြန်ကာလ ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများ အုပ်စုဖွဲ့၍ မူးယစ် ကခုန်နေစဉ် KIA တပ်ပေါင်းစုက FPV ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ထို့ပြင် ယခု မေလပိုင်းအတွင်း ရွှေကူမြို့နှင့် ဗန်းမော်မြို့အကြားရှိ အကြမ်း ဖက် စစ်တပ် တပ်စွဲထားသော နေရာတစ်ခုကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကားပေါ်တွင် တင်ဆောင်ထားသည့် စစ်လက်နက်ခဲယမ်းများ မီးလောင်ပျက်စီးသွားခဲ့သည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။

အလားတူ မော်လူးမြို့ရှိ အုံးဒုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကိုလည်း KIA တပ်ပေါင်းစုက FPV ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်၏ လက်နက်ကြီးအထိုင်ချထားသော နေရာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အင်းတော်၊ မော်လူးနှင့် ကသာမြို့များကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအများအပြား ဖြည့်တင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။ KIA ပူးပေါင်းတပ်များကလည်း စစ်တပ်စစ်ကြောင်းများကို လိုက်လံပိတ်ဆို့တိုက်ခိုက်နေပြီး၊ စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲများတွင် အထိနာကာ သေဆုံးမှုများပြားနေ၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကိုလည်း နေ့စဉ်ပြုလုပ်လျက်ရှိသည်။

မေလ ၂၄ ရက်နေ့ကလည်း ကသာမြို့နှင့် နဘားရွာအကြားရှိ ပင်းမလွတ်ရွာအနီးတွင် ကသာမြို့ဘက်မှ မောင်းနှင်လာသော စစ်ကား ၃ စီးကို KIA တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦး သေဆုံးပြီး စစ်လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

ကသာခရိုင်အတွင်း တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသဖြင့် ကသာခရိုင် အမှတ် ၁ စစ်ဒေသက ထီးချိုင့်၊ ကသာ၊ အင်းတော်-နဘား၊ မော်လူးနှင့် နန့်စီးအောင် လမ်းပိုင်းများကို အသုံးပြုနေကြသော ခရီးသွားပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းများကို ဆက်လက်အသုံးမပြုကြရန် မေလ ၂၄ ရက်နေ့တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်တပ်က အရပ်သားကားများကို ချောဆွဲခြင်းနှင့် ပုံမှားရိုက်၍ စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်နေသဖြင့် လမ်းခရီးတွင် အများပြည်သူများ မလိုလားအပ်ဘဲ ထိခိုက်နစ်နာမည်ကို စိုးရိမ်ရကြောင်း တော်လှန်ရေးတပ်များက သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article