ရန်ကုန်၊ မေ ၂၆
မြန်မာစစ်တပ်၏ အဓိကလက်နက်ပွဲစားဖြစ်သူ ကျော်မင်းဦးပိုင် Sky Aviator ကုမ္ပဏီကွန်ရက်ထံသို့ ထိုင်းနိုင်ငံအခြေစိုက် ACC ကုမ္ပဏီက သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမည့် အစီအစဉ်ကို ထိုင်းချေးငွေသက်သေခံလက်မှတ်နှင့်လဲလှယ်ရေးကော်မရှင်-SEC က ဆိုင်းငံ့လိုက်သည့် ဆုံးဖြတ်ချက်အပေါ် Justice For Myanmar (JFM) က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ထိုင်းနိုင်ငံ၏ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) က Advanced Connection Corporation Public Company Limited (ACC) ၏ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်ကို တရားဝင်ဆိုင်းငံ့မိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းရှယ်ယာများကို ACC ကုမ္ပဏီက လက်နက်ပွဲစားကျော်မင်းဦး၏ Sky Aviator ကွန်ရက်တွင် ပါဝင်နေသည့် စင်ကာပူမှတ်ပုံတင် ကုမ္ပဏီနှစ်ခုဖြစ်သော Sky Aviator Trading နှင့် Heli Asia Trading တို့အပြင်၊ ထိုင်းနိုင်ငံ သား ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် Wichai Wanavit တို့ထံ ရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ SEC က “ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူသည့်အသိပေးစာအတွင်း ACC ၏ ရှင်းလင်းတင်ပြ၊ ထုတ်ဖော်ပြောဆိုချက်များတွင် အရေးပါသော အချက်အလက်များ ပါဝင်နေခြင်း မရှိသည့်အပြင်၊ အရင်းအနှီးဈေး ကွက်ကွပ်ကဲရေးဘုတ်အဖွဲ့၏ အသိပေးထုတ်ပြန်ချက်အမှတ် Tor Jor. 73/2558 ၏ ပုဒ်မ ၅ (၂) (ခ)၊ ပုဒ်မ ၅ (၄)၊ ပုဒ်မ ၇ (၂) ပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိနေကြောင်း SEC က တွေ့ရှိခဲ့သည်”ဟု ထုတ်ပြန် ကြေညာသည်။
ဧပြီ ၂၇ ရက်က ကျင်းပခဲ့သော ACC ရှယ်ယာရှင်များအစည်းအဝေး၌ ကုမ္ပဏီ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးအဖွဲ့က ကန့်ကွက်အကြံပြုထားသည့်ကြားမှ အဆိုပါ ရှယ်ယာလွှဲပြောင်းရောင်းချရေးအစီအစဉ်ကို မဲခွဲအတည်ပြုခဲ့ကြခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုင်း SEC ဘက်က ယခုကဲ့သို့ ဗီတိုအာဏာသုံးကာ ဆိုင်းငံ့မိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆိုင်းငံ့မှု မထွက်ပေါ်လာမီ Justice For Myanmar (JFM) အဖွဲ့က ACC၊ SEC၊ ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD) တို့ထံသို့ စာရေးသားပေးပို့ကာ သတိပေးမှုများ ပြုလုပ်ခဲ့သည်။
Sky Aviator ကွန်ရက်သည် အမည်ခံပိုင်ဆိုင်မှုပုံစံ (Nominee Structure) ကို အသုံးပြု၍ ထိုင်းနိုင်ငံပိုင် ACC ကုမ္ပဏီတွင် အရေးပါသော ရှယ်ယာပမာဏတစ်ရပ်ကို လာရောက်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများကို ကြီးမားစွာ ဖြစ်ပေါ်စေကြောင်း JFM က ထောက်ပြခဲ့သည်။
ACC ကုမ္ပဏီဘက်ကမူ ၎င်းတို့အနေဖြင့် ရှယ်ယာဝယ်ယူမှုအတွက် ငွေပေးချေမှုအချို့ကို လက်ခံထားပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် သီးသန့်ရှယ်ယာလွှဲပြောင်းမှုဖြင့် ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ပြောကြားခဲ့သည်။
သို့သော်လည်း မေလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ACC ၏ ဒါရိုက်တာအဖွဲ့အစည်းအဝေး၌ ထိုင်း SEC ၏ ရှယ်ယာရောင်းချမှု ဆိုင်းငံ့မိန့်ကို အယူခံဝင်ရန် ထပ်မံဆုံးဖြတ်ခဲ့ကြပြီး၊ SEC အနေဖြင့် ပြန်လည်သုံးသပ်နိုင်ရန်အတွက် နောက်ထပ်အချက်အလက်များနှင့် အထောက်အထားများ တင်ပြသွားမည်ဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
Sky Aviator ကွန်ရက်ကို ဦးဆောင်သူ ကျော်မင်းဦးသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားကြီးများထဲမှ တစ်ဦးဖြစ်သည်။ ၎င်းသည် ရုရှားနိုင်ငံထုတ် Yak-130၊ MiG-29၊ Mi-35 နှင့် Su-30 စစ်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဥ်များ ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်သော အစိတ်အပိုင်းများ အပါအဝင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို နောက်ကွယ်မှ အဓိကပံ့ပိုးပေးနေသူဖြစ်သည်။
ထို့ကြောင့် ၎င်းအား အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။
သို့သော်လည်း လက်ရှိနိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် Sky Aviator ကွန်ရက်တစ်ခုလုံးနှင့် ဆက်စပ်လူပုဂ္ဂိုလ်များအားလုံးအပေါ် တစ်ပြေးညီ လွှမ်းခြုံနိုင်ခြင်းမရှိဘဲ ဟာကွက်များ ရှိနေသေးရာ၊ အဆိုပါလက်နက်ပွဲစားကွန်ရက်က ယင်းဟာကွက်များကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထားကာ ဟာကွက်မရှိသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားကြသည်။




