ရန်ကုန်၊ မေ ၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ထားပြီး မြစ်ခြေမြို့ပေါ်မှ နေအိမ်များ အပါအဝင် ကျေးရွာ ၁၀ ခုကျော်ကို မီးရှို့ဖျက်ဆီးထားကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်တပ်သားများ ပူးပေါင်းကာ ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းသွားလာရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ယနေ့ မေလ ၂၆ ရက်နေ့ထိ မြစ်ခြေမြို့ပေါ်မှ နေအိမ်များ၊ ဈေးတန်းများ အပါအဝင် ထန်းတောချာက်ရွာ ၊ ညောင်ပင်ရွာ ၊ ဥယာဉ်ရွာ ၊ နံဂတ်ရွာ ၊ မွန်းနံကုန်းရွာ ၊ အင်းဝိုင်းရွာ ၊ ကူကျွန်းရွာ၊ အိုင်ရှည်ရွာ နှင့် သဖန်းပင်ရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်ထောင်နှင့်ချီ မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က အင်းဝိုင်းရွာကို ဝင်ရောက်စီးနင်းစဉ် အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင်ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃ ဦးကိုလည်း ထပ်မံ သတ်ဖြတ်ထားကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက နောက်ထပ် စစ်ဘေးရှောင် ပြည်သူ ၃ ဦးကို ထပ်မံ သတ်ဖြတ်ထားတယ်လို့တော့ ကျနော်တို့ ကြားသိထားပေါ့။ ဘယ်ရွာက စစ်ရှောင်တွေလည်း ဆိုတာတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ဘာလို့ဆိုတော့ အခုထိ စစ်ခွေးစစ်ကြောင်းကရှိသေးတော့ သွားရောက်အတည်ပြုဖို့ ခက်နေတယ်။ မနေ့ကလည်း ရွာတွေကို လက်နက်ကြီးတွေ ဆက်တိုက်ကို ပစ်ခတ် တိုက်ခိုက်နေတာ မြစ်ခြေမြို့ပေါ်က နေအိမ်တချို့ကိုလည်း စစ်ခွေးတွေက မီးရှို့ထားတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း စိတ်ကြိုက်ကို သယ်ထုတ်နေတာ ၂၃ ရက်နေ့ကညပိုင်းကလည်း စစ်ခွေး စစ်ကြောင်းက အိုင်ရှည်ရွာကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသွားတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်ခြေ အရှေ့ဘက်ကမ်း အနီးရှိ အောင်သာပျူစောထီးရွာကိုလည်း စစ်ကား ၃ စီးဖြင့် လူအင်အား၊ လက်နက်ခဲယမ်းများ ထပ်မံပို့ဆောင်နေကြောင်း၊ ထို စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သော မကွေးတိုင်းအတွင်းရှိ ကျေးရွာ ၁ ခု (ပုံအဟောင်းဖြစ်သည်





