ရန်ကုန်၊ မေ ၂၆
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ပန်းရံဆရာနှင့် အလုပ်သမား ၁၁ ဦးကို လိမ်လည် ခေါ်ဆောင်သွားပြီး ယခုအခါ လူငယ်များ ပျောက်ဆုံးနေကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များက လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံထားသည်။
မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ၃၀၅ ရပ်ကွက်တွင် နေထိုင်သည့် ပန်းရံဆရာ ဦးမြင့် အပါအဝင် လူငယ်အလုပ်သမား ၁၁ ဦးတို့ကို အရပ်ဝတ် ဝတ်ဆင်ထားသူများက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ လိုက်ထရပ် ကား ၁ စီးဖြင့် တောင်ကြီးမြို့၊ အေးသာယာမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် မေလ ၂၀ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မိသားစုဝင်များနှင့် ဖုန်းများ အဆက်အသွယ် ပြတ်တောက်ကာ လူငယ်အလုပ်သမားများ ပျောက်ဆုံးသွားကြောင်း၊ ထိုသို့ အဆက်သွယ်ပြတ်တောက်သွားသည့် နေ့မှစ၍ မိသားစုဝင်များက ပျောက်ဆုံးနေမှုကို စိုးရိမ်သောကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အမြန်ဆုံး ပြန်လွှတ်ပေးရန် အသနားခံ တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ အသနားခံ တောင်းဆိုထားသော ဗီဒီယိုများ ပျံ့နှံ့သွားပြီးနောက် ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် အသက် အရွယ်ကြီးရင့်နေသော ဦးမြင့် အပါအဝင် သက်ကြီး အလုပ်သမား ၆ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီးအသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အလုပ်သမား ၅ ဦးမှာ လက်ရှိအချိန်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က လစဉ်စစ်မှုထမ်းသင်တန်းများအတွက် ပေါ်တာဆွဲမှုများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးနေရာ အလုပ်ရရှိမည်ဟုဆိုကာ လိမ်လည် ခေါ်ယူ စစ်မှုထမ်းခိုင်းမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ပျောက်ဆုံးနေသော လူငယ် ၁ ဦးနှင့် တောင်ကြီးမြို့သို့ လူငယ်များကို ခေါ်ဆောင်သွားသော လိုက်ထရပ်ကား။





