26 C
Yangon

NLD နိုင်ငံရေးတွင် ပါဝင်လာချိန် ခြယ်လှယ်ပုံသွင်းနိုင်သော အစိုးရပေါ်ပေါက်ရေး အနောက်နိုင်ငံအုပ်စုက ဦးတည်ဆောင်ရွက်ခဲ့ကြသဖြင့် အနာဂတ်တွင် ထိုသို့မဖြစ်ရန် ဆောင်ရွက်မည်ဟု မင်းအောင်လှိုင် ကြိမ်းဝါးပြန်

Must read

ရန်ကုန်၊ မေ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နိုင်ငံရေးအတွင်းသို့ ဝင်ရောက်လာချိန်၌ အနောက်အင်အားကြီးနိုင်ငံများက ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် နောက်ကွယ်မှ ဦးတည်ဆောင်ရွက်ခဲ့ကြသဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ကြိမ်းဝါးပြောဆိုသည်။

ယမန်နေ့ နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရသည့် အခြေအနေများနှင့် သမိုင်းကြောင်းများကို လှည့်ပတ်ဆင်ခြေပေးရင်း အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဖက်သဘောတူညီချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်က နိုင်ငံရေးနှင့် စီးပွားရေးအရ အဘက်ဘက်မှ ကြပ်တည်းခဲ့သော်လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် ပြင်ဆင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့နောက် ၂၀၁၁ ခုနှစ် သမ္မတ သိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် နိုင်ငံရေးထဲ ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က အပြစ်တင်သည့်ပုံစံဖြင့် ပြောဆိုထားသည်။

ထိုသို့ NLD ပါတီ နိုင်ငံရေးထဲ ဝင်ရောက်လာသည့် အချိန်တွင်ပင် နိုင်ငံတော်ကို ခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများက နိုင်ငံတော် မတည်ငြိမ်အောင် အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ ဆော်ပြီး ၎င်းတို့လိုသလို ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည်လုပ်ဆောင်ခဲ့ကြသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထိုအချိန်မှစ၍ NGO၊ INGO အဖွဲ့များက နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခဲ့ကြကြောင်း၊ ယင်းအပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင်လည်း ပြည်ပနိုင်ငံများက ၎င်းတို့၏ သဘောဆန္ဒကို ဖော်ဆောင်ပေးနိုင်မည့် ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်တွင်လည်း အဆိုပါ NGO၊ INGO အဖွဲ့များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ပါဝင်ပတ်သက်လာမှုများ ရှိနေကြောင်း ၎င်း ပြောဆိုထားသည်။

ထို့ကြောင့် သမိုင်းကြောင်းများကို သတိချပ်ကြရန် ပြောဆိုခဲ့ပြီး အတိတ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူကာ နောင်အနာဂတ်တွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်လာခြင်း မရှိစေရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုထားသည်။

အပစ်ရပ်ရေးနှင့်ပတ်သက်၍ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားသည်။

PDF များမှာမူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေ အနေသို့ ရောက်ရှိလာခြင်းမှာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချကာ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ ကိုယ်ကျိုးအတွက် သွေးထိုးလှုံ့ဆော် အသုံးချခဲ့ကြခြင်းကြောင့်ဖြစ်ပြီး၊ ထို့ကြောင့် ပညာ ရေးကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု အကြိမ်ကြိမ် ပြောဆိုနေရခြင်း ဖြစ်ကြောင်း ၎င်းက ဆင်ခြေပေးခဲ့သည်။

လာမည့် ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရန် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထာဝရငြိမ်းချမ်းရေးအတွက် မည် သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေစေကာမူ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံ ကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရန်လိုအပ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်က တိုင်းရင်းသားလက် နက်ကိုင်များကို အပြစ်ဖို့ ပြောဆိုထားသည်။

ဓာတ်ပုံ- Agency , AP , Reuters။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article