26 C
Yangon

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေခြင်းတို့ကြောင့် ပြည်တွင်းတွင် လုပ်သားများရှားပါးလာပြီး အလုပ်လုပ်နိုင်သည့် လူဦးရေနှုန်းထား လျော့နည်းကျဆင်းလာနေဟု မင်းအောင်လှိုင် ထပ်ပြော၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်မှုများကို ထပ်မံ စိစစ်ပိတ်ပင်နိုင်ဖွယ်ရှိနေဟုဆို

Must read

ရန်ကုန်၊ မေ ၂၇

ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာပြီး အလုပ်လုပ်နိုင်သည့် လူဦးရေနှုန်းထား လျော့နည်းကျဆင်းလာနေကြောင်း အကြမ်ဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ထပ်မံပြောဆိုပြန်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထပ်မံ ပြော ဆိုလာခြင်းဖြစ်ပြီး မင်းအောင်လှိုင်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေမှုများအပေါ် အမြင်မကြည်လင်မှုများ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်သည့် အသက်အပိုင်းအခြားရှိသည့် လူဦးရေနှုန်းထားအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း အလုပ်သမားရှားပါးမှုပြဿနာကို ကြုံတွေ့ရလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်အကိုင်ရှိသည့်နေရာများသို့ သွားရောက်နေကြသူများရှိသည်ဟုလည်း ပြောဆိုကြကြောင်း၊ မိမိတို့နိုင်ငံအတွင်း၌ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေမြေသယံဇာတနှင့် အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်နိုင်မှု အားနည်းကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်းဖြစ်သည်ဟု တွေ့မြင်ရကြောင်း မင်းအောင်လှိုင်က ဆိုသည်။

နိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ကျွမ်းကျင်သည့်လုပ်ငန်းများကို လုပ်ကိုင်မှုမရှိဘဲ ကျဘမ်းအလုပ်များ လုပ်ကိုင်ကြခြင်း၊ တရားမဝင်သယံဇာတထုတ်ယူခြင်းလုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာခြင်းလည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ယခုနှစ် မေလ ၁ ရက်နေ့ အလုပ်သမားနေ့ကလည်း မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအောက်တွင် နေထိုင်ကြရပြီး အချို့မှာ မတရားဖိနှိပ်ခံနေရမှုများ ရှိနေကြောင်း၊ ပြည်ပသို့ သွားရောက်ခြင်းထက် ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်ပါက ပိုမိုဘဝလုံခြုံမှုရှိပြီး ကြီးပွားတိုးတက်နိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့ပြန်သည်။

စစ်တပ်က ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများကို စိစစ်တင်းကျပ်လျက်ရှိရာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားခြင်း၊ OWIC ပြည်ပအလုပ်သမားသက်သေခံကတ်များ ထုတ်ပေးရာတွင် တင်း ကျပ်စိစစ်နေခြင်း၊ ပြည်ပသို့ အလုပ်သမားများ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူ ခွင့်ပြုမှသာ သွားရောက်ခွင့်ပြုခြင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရာတွင် နိုင်ငံအလိုက် တစ်လလျှင် သွားရောက် အလုပ်လုပ်ခွင့်ပြုသည့် မြန်မာအလုပ်သမားအရေအတွက် ကန့် သတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

“သူ (မင်းအောင်လှိုင်) အဲဒီလို ထုတ်ပြောရင် ပြည်ပထွက်ခွင့်တွေ ပိုပြီး တင်းကျပ်တာ၊ ပိတ်ပင်တာတွေ ခဏခဏ ဖြစ်တယ်။ အခုလည်း အဲဒီလိုပြောလာတော့ ဘာတွေ ထပ်ပြီး တင်းကျပ်ပိတ်ပင်ဦးမလဲမသိဘူး။ ပြည်ပကို အလုပ်အကိုင်နဲ့ ထွက်ခွာခွင့်ကလည်း OWIC ၊ ခွင့်ပြုချက်၊ ဗီဇာ၊ အလုပ်အကိုင်မှန်၊ မှန် စိစစ်တာတွေ အရမ်းများတယ်။ အခုလည်း ထပ်ပြီး ပိတ်ပင် တင်းကျပ်တာတွေ လုပ်နိုင်တယ်။ အဲဒီတော့ ထွက်စရာရှိတဲ့သူတွေ မြန်မြန်ထွက်သင့်တယ်” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဂျပန်သို့ သင်တန်းသား အလုပ်သမား ပို့ဆောင်ပေးနေသည့် အေဂျင်စီပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများအပေါ် မနှစ်မြို့သော်လည်း တစ်ဖက်တွင် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားများ၏ ပြန်ပို့ငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသ ၆ ဘီလီယံ ခန့်ရှိခဲ့ပြီး၊ နိုင်ငံခြားငွေ စီးဝင်မှု၏ ၃၈ ရာခိုင်နှုန်းခန့်အထိ ရှိလာခဲ့ကြောင်း စစ်တပ်၏ စာရင်းဇယားများအရ သိရှိရသည်။

စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ ပြည်ပရောက် အလုပ်သမားများ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ကို မဖြစ်မနေ ပြည်တွင်းသို့ ပြန်လွှဲရမည့် စည်းမျဉ်းများ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- RFA နှင့် MOI ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article