ရန်ကုန်၊ မေ ၂၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်က လိုက်လံတိုက်ခိုက်နေကာ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ မေလ ၂၄ ရက်နေ့တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂေါ့အင်းရွာအနီးရှိ တောတောင်များ အတွင်း လှည့်ပတ်သွားလာနေပြီး တော်လှန်ရေးတပ်များကလည်း ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေ၍ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကဒက်ကြီးရွာ အနီးအနားတွင် လှည့်ပတ်စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။
“အခုစစ်ခွေးစစ်ကြောင်းက ဂေါ့အင်းနဲ့ ရေဖြူကျေးရွာတွေကို ကျော်ပြီးတော့ သရက်တောဘက်ကို ဦးတည်ပြီး ဆင်းနေတယ်။ တော်လှန်ရေး တပ်တွေကလည်း ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်နေတယ်။ စစ်ခွေးတွေဘက်က ထိခိုက်တာတော့ နေတိုင်းရှိတယ်။ ကဒက်ကြီး အနီးတစ်၀ိုက်ကို ရောက်နေတယ်။ ခွေးစစ်ကြောင်းက ပြည်သူ ၂၀ ဦးလောက်ကို ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားတဲ့ ပြည်သူတွေ အမည်နဲ့ လိပ်စာတော့ မသိရသေးဘူး။ လမ်းကြောင်းပေါ်မှာရှိတဲ့ လူကိုအကုန်ဖမ်းသွားတာပါ။ စစ်ခွေး စစ်ကြောင်းကြောင့် တိမ်းရှောင်ရတဲ့ ပြည်သူတွေကတော့ တော်တော်များတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ ပြည်သူ ၂၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာ၊ ဂေါ့အင်းကျေးရွာ၊ ရေဖြူကျေးရွာ ၊ ဝံတွင်းကျးရွာ၊ သင်္ကန်းတော၊ ပိန္နဲတောကျေးရွာနှင့် ကျောက်ဖြူကျေးရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ နေအိမ်များမှ တန်းဖိုးကြီး ပစ္စည်းများ၊ ရွှေ ၊ငွေနှင့် လက်နက်ဖုန်းများကိုလည်း ခိုးယူလုယက်သွားကြောင်း၊ ယနေ့ မေလ ၂၇ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ်အတွင်း ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ (ပုံအဟောင်းဖြစ်သည်)






