ရန်ကုန်၊ မေ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ရေးဘီလူးစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်သည့်ဓာတ်ပုံများကို ရေးဘီလူးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်လာသည်။
ယနေ့မေလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က ရေးမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးတပ်ဖွဲ့စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာက ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးကာ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“အခုနောက်ဆုံးသိရတာက သေဆုံးသူ ကျား ၄ ဦး၊ မက တော့ ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးပါတယ်။ စခန်းကတော့ တော်တော်ပျက်စီးသွားတယ်။ ၂၀ ကျော် ၃၀ ကျော်သေတယ်ဆိုတာတွေက မဟုတ်ပါဘူး။ ရေးဘီလူးလည်း ထိခိုက်မှုမရှိပါဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံ ဝေါထန်းပင်ချောင်းလမ်းခွဲရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထန်းချောင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ မေလ ၂၆ ရက်နေ့တွင် ညနေ ၄နာရီ ၄၀ မိနစ်ခန့်တို့တွင် ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံ ဝေါထန်းပင်ချောင်းလမ်းခွဲ စစ်တပ်ဂိတ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထန်းချောင်းကျေးရွာကို လက်နက်ကြီးများဖြင့် ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုအကြမ်းဖက်စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထန်းချောင်းကျေးရွာနေ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ လက်နက်ကြီး ၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်းချောင်းကျေးရွာရှိ ဘုန်ကြီးကျောင်းဝန်းထဲကို လက်နက်ကြီး ကျည် ကျရောက်ခဲ့ပါတယ်။ ဘုန်းကြီး ကျောင်း တော့ မပျက်စီးဘူး။ ထန်းချောင်းကျေးရွာနေ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့်၊ နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာရှိ တိုက်နယ်ဆေးရုံကို အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၄ ရက်နေ့ မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာရှိ တိုက်နယ်ဆေးရုံကို အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ သူစိုးကျေးရွာရှိ တိုက်နယ်ဆေးရုံကို အဆောက်အဦး ၂လုံး ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေပြီး မြေပြင်တွင်လည်း ထိုးစစ်များ တိုးမြှင့်လျက်ရှိကြောင်း သိရှိရသည်။






