ရန်ကုန်၊ မေ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေ ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ လူနေအိမ်အမြောက် အမြား မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် KNU ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မေလ ၂၆ ရက်နေ့ ၊ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းများနှင့် လက်နက် ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၇၈ နှစ်အရွယ် ဦးမောင်ရွှေစိန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ဆေးကုသမှုခံယူရန် သွား ရောက်စဉ် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် One Nation News က သတင်းဖော်ပြသည်။
စစ်တပ်က စနဲမြို့ပေါ်သို့ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ကုလားမကျွန်းနှင့် ဖရုံကျွန်းအနီးရှိ ရေတပ် စခန်းများကလည်း လက်နက်ကြီး အလုံး ၃၀ ခန့်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရှိရသည်။
မေလ ၁၉ ရက်နေ့ကလည်း စနဲမြို့ကို ဂျက်ဖိုက်တာ ၄ စီးနှင့် Y-20 လေယာဉ် ၁ စီးတို့ဖြင့် ဗုံးကြဲတိုက် ခိုက်ခံခဲ့ရဖူးပြီး၊ ရွှေဟင်္သာရပ်ကွက်တစ်ခုလုံးနီးပါးရှိ လူနေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျ ဆုံးရှုံးခဲ့ရကြောင်း၊ အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် ရှေ့တန်းတိုက်ပွဲများတွင် စစ်တပ်က စစ်ရေးအရ အထိနာပြီး အသာမရဖြစ်နေ၍ စစ်ရေးပစ်မှတ်များကို မတိုက်ခိုက်ဘဲ အရပ်သားများနှင့် လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က သုံးသပ်ဖော်ပြထားသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ပိုင်ပစ္စည်းများ ပျက်စီးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။
မေလ ၂၆ ရက်နေ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း KNU-ကရင်အမျိုးသားအစည်းအရုံးအုပ် ချုပ်မှုနယ်မြေဖြစ်သည့် လယ်ဒိုမြို့နယ် (ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း စစ်တပ်၏ တောင်ငူလေတပ်မှ ဂျက်ဖိုက်တာ ၁ စင်းက ငဖယ်အင်းကျေးရွာအတွင်းသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး၊ နွားလှည်း ၄ စီး၊ နွားတင်း ကုတ် ၁ လုံးထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး၊ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များဖြင့်ပါ နေ့စဉ်နေ့တိုင်း အပြစ်မဲ့အရပ် သား ပြည်သူလူထုကို ပစ်မှတ်ထား ပစ်ခတ်နေခြင်းကြောင့် ပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် ရှင်သန်နေထိုင်နေကြရကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- Ni Min Tun Journalist နှင့် KNU ။






