ရန်ကုန်၊ မေ ၂၈
အကြမ်းဖက်မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ သူ့ကိုယ်သူ သမ္မတအဖြစ် အတင်းလုယူပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေပြီး ယင်းခရီးစဉ်ကို အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများက ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း Burma House-New Delhi က သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတရာထူးကို မတရားရယူထားသည့် အကြမ်းဖက် မင်းအောင်လှိုင်၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ လာရောက်မည့် အစီအစဉ်အပေါ် လုံးဝလက်မခံနိုင်သဖြင့် လူထုအင်အားဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ၊ အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်နိုင်ရန်အတွက် “Burma House-New Delhi” က ဦးဆောင်ကာ အိန္ဒိယအစိုးရ ရဲတပ်ဖွဲ့ထံသို့ တရားဝင်ခွင့်ပြုချက် တင်ပြထားကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲကို မေလ ၂၈ ရက်နေ့ နှင့်မေလ ၃၀ ရကနေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မေလ ၂၈ ရက်နေ့တွင် နယူးဒေလီမြို့ရှိ Jantar Mantarတွင်လည်းကောင်း၊ မေလ ၃၀ ရက်နေ့တွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံး (Embassy of Myanmar)ရှေ့တွင်လည်း ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက်စက်စွာ သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ အသံထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို ဆက်လက်ထိန်းသိမ်းပြီး အိမ်နီးချင်းနိုင်ငံများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဆန္ဒပြပွဲကာလအတွင်း အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ် တကျ ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Burma House-New Delhi က သတင်းထုတ်ပြန်ထား သည်။
ထို့ကြောင့် အိန္ဒိယရောက် မြန်မာပြည်သူများအနေဖြင့် မင်းအောင်လှိုင်ကို ကန့်ကွက်သည့်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ပေးကြပါရန်် ဖိတ်ခေါ်ထားပြီး ပြည်တွင်း/ပြည်ပရှိ မြန်မာသတင်းမီဒီယာများအနေဖြင့်လည်း အဆိုပါ ကန့်ကွက်လှုပ်ရှားမှုကို ၀ိုင်းဝန်းအလေးအနက်ထား သတင်းဖော်ပြပေးရန် Burma House-New Delhi က သတင်းဖော်ပြထားသည်။
“မင်းအောင်လှိုင်က ဒီလကုန်မှာ အိန္ဒိယကိုလာမယ်။ အဲဒီမှာ ၃ ရက်နေမယ်လို့ သိထားပါတယ်” ဟု အိန္ဒိယရောက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်၏ သမ္မတရာထူး လုယူပွဲ အခမ်းအနားသို့ အိန္ဒိယက ကိုယ်စားလှယ်စေလွှတ်ခဲ့ဖူးသည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ကူးလူးဆက်ဆံမှုများသည် မေလဆန်းပိုင်းကစတင်၍ ပိုမိုမြန်ဆန်လာခဲ့ပြီး မေလအစောပိုင်းတွင် အိန္ဒိယရေတပ်ဦးစီးချုပ် အဒ်မီရယ် ဒီးနက်ရှ် ကူမား ထရီပါသီ (Dinesh Kumar Tripathi) သည် မြန်မာနိုင်ငံသို့ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ဘေးအန္တရာယ်အပြီးတွင်လည်း အိန္ဒိယအစိုးရက “Operation Brahma” စစ်ဆင်ရေးဖြင့် စစ်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် နယ်လှည့်ကွင်းဆင်းဆေးရုံအဖွဲ့များ စေလွှတ်ကာ မြန်မာပြည်သူ ထောင်ပေါင်းများစွာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ ပေးအပ်ခဲ့ဖူးသည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နယ်စပ်စည်းမျဉ်းကို အတူတကွ မျှဝေထားကြသဖြင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံစလုံးအတွက် အမြဲတမ်း ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သည်။
လက်ရှိတွင် နှစ်နိုင်ငံအကြား အဓိကချိတ်ဆက်မှု စီမံကိန်းကြီးများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်း (အိန္ဒိယနိုင်ငံပိုင် Indian Ports Global Limited က လည် ပတ်နေသည့် ဆိပ်ကမ်း) စီမံကိန်းများကို ဒေသတွင်းကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ဆက်လက်အကောင် အထည်ဖော်လျက် ရှိသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ပြီး အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အမြောက်အမြား တင်သွင်းလျက်ရှိကာ လက်ရှိတွင် အိန္ဒိယသည် မြန် မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်အတွက်မူ အိန္ဒိယခရီးစဉ်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ဒေသတွင်း မဟာ ဗျူဟာမြောက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံနှင့် တရားဝင် ဆက်ဆံရေး တည်ဆောက်နိုင်မည့် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း အိန္ဒိယသတင်းမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။




