ရန်ကုန်၊ မေ ၂၈
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာသို့ လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် သရက်နှစ်ဖျားလိန်ရွာမှ ချောင်းဂွကြီးရွာသို့ မြင်း ၃ ကောင် သွားရောက်ပို့ဆောင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဘိုလေး (ခေါ်) ဦးပေါ်လုသည် ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် မြင်း ၃ ကောင်လည်း သေဆုံးသွားခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်လည်း စစ်ကောင်စီတပ်က အုတ်ဖိုမြို့နယ်၊ ထန်း ပင်ကုန်းရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“မနေ့က နံနက်ပိုင်းမှာ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံး ၄ လုံးကျဲသွားတာ အသက် ၅၀ ကျော် အရွယ် ဦးဘိုလေး (ခေါ် ) ဦးပေါ်လု ပွဲချင်းပြီး သေဆုံးတယ်။ သူက သရက်နှစ်ဖျားလိမ်ရွာကနေ ချောင်းဂွကြီးရွာကို မြင်း ၃ ကောင် သွားပို့ရင်း ချောင်ဂွကြီးရွာအရောက်မှာ ဗုံးထိမှန်ပြီး သေဆုံးတာ မြင်း ၃ ကောင်လည်း သေတယ်လို့ သိရတယ်။ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်”ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။
မေလ ၂၃ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိန်ရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ရေဦးမြို့ ရွှေကျီးမင်းဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းလက်နက်ကြီးကျည်များသည် ဖလမ်ဂုဏ်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကျေးရွာပြည်သူများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။




