27 C
Yangon

ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဆက်တိုက်ဗုံးကျဲ

Must read

ရန်ကုန်၊ မေ ၂၉

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံး ၃၆ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယမန်နေ့ မေလ ၂၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီး၊ မန္တလေး တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့ဖြင့် ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ လတ်တလောတွင် အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယောအလင်းတန်းအဖွဲ့မှ တာဝန်ရှိသူက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော် ဆက်လက်စုံစမ်းနေဆဲပါ။ ဖိုက်တာ ၁ စီးကို ဗုံး ၂ လုံးကျဲတာပါ။ ဖိုက်တာ ၃စီးဆိုတော့ ဗုံး ၆လုံးပါ။ Y12 က ၆ကြိမ် ပတ်ပြီးတော့ ကျဲသွားတာပါ။ တစ်ကြိမ်ကို ဗုံး ၅လုံးကျဲသွားတာပါ။ အားလုံးပေါင်း အလုံးရေ ဗုံးအလုံးရေ ၃၀ ပါ။ Y12က ကျဲတာက ၃၀ ပါ။ ဖိုက်တာ ၃စီးက ဗုံး ၆ လုံးပါ။ စုစုပေါင်းဗုံး ၃၆လုံးကျဲသွားတာ။ ဆော-ကျောက်ထု-ပေါက် လမ်းပိုင်းကရွာတွေကို ပစ်မှတ်ထားနေတာ စစ်တပ်က “ဟု ရှင်းပြသည်။

ယခုကဲ့သို့ လေကြောင်းမှတစ်ဆင့် အဆမတန် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ဆော – ကျောက်ထု – ပေါက် လမ်းပိုင်းတွင်ရှိသည့် ကျေးရွာများအားလုံးနီးပါးမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်လျက်ရှိပြီး မေလ ၄ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၈ ကြိမ်တိုင်တိုင် ဗုံး ၃၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article