ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း၌ ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသော တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးသေစာရင်းက ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ မဟာမိတ်တပ်များဖြစ်သည့် မုံရွာခရိုင်ပကဖ (ရေနဂါးစစ်ကြောင်း)နှင့် Black Eagle အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။




