ရန်ကုန်၊ ဇွန် ၁
စစ်ခုံရုံးစီရင်ချက်များဖြင့် မတရားဖမ်းဆီးကာ ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးနှင့် စစ်ကောင်စီကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သဖြင့် တရားမဝင်ကြောင်း အာဆီယံနိုင်ငံများသို့ တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို Burmese Exile Movement အဖွဲ့နှင့် မဟာမိတ်များက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့နှင့် Bangkok Pride ၂၀၂၆ လူထုလမ်းလျှောက်ပွဲ အခမ်းအနားတို့တွင် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယမန်နေ့ ဆန္ဒပြပွဲအတွင်း “To ASEAN: The Myanmar Junta-Led Election Is A Fraud” (အာဆီယံရေ မြန်မာစစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်) ဟူသော သတင်းစကား ဖော်ပြထားသည့် ဗီနိုင်းစာတန်းများကို ကိုင်ဆောင်ကာ မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားသည့် ဆန္ဒကို လေးစားရန် တောင်းဆိုခဲ့ကြသည်။
ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ Burmese Exile Movement အဖွဲ့ဝင် LI BE RA က “အထူးသဖြင့် စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း ကိုယ်စားမပြုပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Banner မှာ ‘TO ASEAN: The Myanmar Junta-Led Election Is A Fraud’ လို့ ဖော်ပြထားပြီး ASEAN အနေနဲ့ အဲဒီရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်မပြုဖို့၊ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု မပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒကို လေးစားဖို့ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထို့ပြင် ဆန္ဒထုတ်ဖော်သူများသည် စစ်ခုံရုံးစီရင်ချက်များဖြင့် မတရားဖမ်းဆီးခံထားရသည့် မြန်မာဂျာနယ်လစ် ကိုစိုင်းဇော်၊ မြတ်သူကျော်၊ နွေဦးတော်လှန်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ဝေမိုးနိုင် တို့အပါအဝင် မြန်မာ့နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် လူထုလှုပ်ရှားမှုအတွင်း တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုနေရိုင်း “တေးဆရာ နိုင်မြန်မာပြောသလို ပြောရရင် ကျနော်တို့မှာ ပြန်တိုက်ဖို့ သေနတ်လည်း မရှိ။ အမှန်တရားကို ပြောဖို့ ပါးစပ်လည်း အပိတ်ခံထားရတဲ့ ပြည်သူတွေပါ။ ဒါကြောင့် သရုပ်ဖော်ပြီး ဆန္ဒကို ထုတ်ဖော်ရခြင်းဖြစ်တယ်။ အမေစုနဲ့ တကွ နိူင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးပြန်လွတ်ပါစေ။ စစ်အာဏာရှင် စနစ်ဆိုး အမြန်ဆုံး အဆုံးသတ် ချုပ်ငြိမ်းပါစေ။ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူရွေးချယ်ထားသော ပြည်သူ့အစိုးရ အမြန်ဆုံး တိုင်းပြည်ကို ပြန်လည်အုပ်ချုပ်ခွင့်ရပါစေ”ဟု ပြောဆိုသည်။
မြန်မာအာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှုကို မထောက်ခံသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် အရပ်သားပြည်သူများကို စစ်ခုံရုံးစီရင်ချက်များဖြင့် မတရားပစ်ဒဏ် ချမှတ်လေ့ရှိသည်။
သတင်းနှင့်ဓာတ်ပုံ- ဟိန်းအောင်-ဖိုတိုဒါန။






