ရန်ကုန်၊ ဇွန် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ယမန်နေ့ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ မွန်းတည့်အချိန်က ယမ်းသိုလှောင်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၅၅ ဦး ထိခိုက်သေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းတအာင်းပြည်ကောင်စီ (TLC) က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများအပြင် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယခုနောက်ဆုံးသတင်းအချက်အလက်များအရ သေဆုံးသူ ၅၅ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိကြောင်း သိရှိရသည်။
တအာင်းပြည်ကောင်စီ (TLC) အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများဖြစ်သည့် PSLF/TNLA ခေါင်းဆောင်များအနေဖြင့် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်၏ အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးရန် ၊ ထို့ပြင် ဖြစ်စဉ်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိရန်၊ တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ပြည်တွင်းပြည်ပ နေရာဒေသအသီးသီးတွင် ရောက်ရှိနေကြသည့် တအာင်းပြည်သူများအနေဖြင့် ကောင်းတပ်ကျေးရွာမှ ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြရန်၊ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တတ်စွမ်းမျှ ဝိုင်းဝန်းကူညီပံ့ပိုးဖေးမကြရန် TLC က တိုက်တွန်းထားသည်။
တအာင်း အမျိုးသမီး အဖွဲ့- Ta’ang Women’s Organization ၏ ယနေ့ ထုတ်ပြန်ချက်တွင်မူ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုကြောင့် ကျေးရွာခံ သေဆုံးသူ စုစုပေါင်း ၅၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ လူဦးရေ ၈၀ ကျော်အထိ ရှိနေသောကြောင့် သေဆုံးသူထပ်တိုးလာနိုင်ကြောင်း၊ လက်ရှိအချိန်အထိ ကလေးအပါအဝင် အမျိုး သား ၃၀ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း သေဆုံးသူ ၅၅ ဦး နှင့် ဒဏ်ရာရရှိသူ ၈၀ ကျော် အထိ ရှိနေကြောင်း ဖော်ပြထားသည်။
“မနေ့ညကအထိ သေဆုံးသူက ၅၀ ကျော်သွာပြီ။ လောလောဆယ်တော့ ထိခိုက်လူနာတွေကို ဦးစား ပေးရှာဖွေနေရဆဲမို့ နေအိမ်တော့ စာရင်းကောက်တာ အတိအကျမရနိုင်သေးဘူး။ အိမ်ကတော့ တော်တော်များများ ပျက်စီးသွားတယ်။ တစ်ရွာလုံး ထက်ဝက်လောက်တော့ ပါသွားတယ်။လုံးဝနေ လို့မရတော့တဲ့အိမ်တွေများပါတယ်။” ဟု တအောင်းအမျိုးသမီးအစည်းအရုံး -TWO မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။






