ရန်ကုန်၊ ဇွန် ၁
ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် ဈေးရောင်းချခြင်းနှင့် စာသင်ကြားခြင်းလုပ်ငန်းများကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာဆရာ၊ ဆရာမများ ထိုင်းအာဏာပိုင်များ၏ ဆက်တိုက်ဖမ်းဆီးခြင်းကို ခံနေရသည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန့်ဘူန်းမြို့နယ် (Ban Bueng) တွင် နိုင်ငံခြားသားများကို ကန့်သတ်ထားသော ဈေးရောင်းလုပ်ငန်းကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ် သမား ၆ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
မေလကုန်ပိုင်းတွင် ဘန့်ဘူန်းမြို့နယ်ရဲစခန်းမှူး၊ ဒုတိယရဲစခန်းမှူးနှင့် ပြည်သူ့ရင်ပြင်လုံခြုံရေးဌာနခွဲမှူးတို့၏ ညွှန်ကြားချက်အရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းကို ကာကွယ်ရန်အတွက် နယ်မြေအတွင်း နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်စဉ် ဘန့်ဘူန်းမြို့နယ်၊ နောင်ဖိုင်ဂဲဝ်နယ်မြေအတွင်းရှိ ဈေးတစ်ခုတွင် နိုင်ငံ ခြားသားများကို တားမြစ်ထားသည့် ဈေးရောင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် အသက် ၃၈ နှစ်အရွယ် ကိုဇော်လင်း၊ အသက် ၃၆ နှစ်အရွယ် မဝင်းလဲ့၊ အသက် ၁၈ နှစ်အရွယ် မခိုင်ဇာလင်းနှင့် အသက် ၁၉ နှစ်အရွယ် ကိုစိုးလင်းအောင် တို့ ၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဘန့်ဘူန်းမြို့နယ်အတွင်းရှိ အခြားဈေးတစ်ခုတွင်လည်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဘဲ တားမြစ်ထားသည့် ဈေးဆိုင်ဖွင့်လှစ်ကာ ကိုယ်တိုင်ဈေးရောင်းချနေသည့် အသက် ၃၇ နှစ်အရွယ် ဦးကျော်သူ နှင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ရင်ရင်ဦး တို့ ၂ ဦးကို ထိုင်းအာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၆ ဦးလုံးသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ဈေးရောင်းချနေခြင်း (သို့မဟုတ်) ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားပြင်ပရှိ တားမြစ်အလုပ်အကိုင်ကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၂၀၁၇ ခုနှစ် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့်ဥပဒေ ပုဒ်မ ၈ အရ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ ၆ ဦးလုံးကို ဘန့်ဘူန်းမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Soi Pridi Banomyong ရှိ လိုင်စင်မရှိဘဲ တရားမဝင် ဖွင့်လှစ်ထားသည့် နိုင်ငံတကာကျောင်းတစ်ကျောင်းကို မေလ ၃၀ ရက်နေ့က ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါကျောင်းသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိသည့် နိုင်ငံခြားသားဆရာများကို ခန့်အပ်ထားပြီး၊ ၎င်းတို့အနက် မြန်မာနိုင်ငံသားတစ်ဦးနဲ့ ဖိလစ်ပိုင် ၅ ဦးကို အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ဆရာအဖြစ် ခန့်အပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးကာ ခလောင်တိုင် (Khlong Tan) ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
ယင်းကျောင်းသည် သက်တမ်း ၅ နှစ်ကျော်ရှိနေပြီဖြစ်ပြီး မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ နိုင်ငံခြားသားကျောင်းသား ၁၀၀ ကျော် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ပြောပြချက်အရ တရားမဝင်ကျောင်းအများစုသည် လူသူအရောက်အပေါက်နည်းသည့် လမ်းကြားများထဲတွင် လျှို့ဝှက်ဖွင့်လှစ်ကာ နိုင်ငံခြားသားကျောင်းသားများကိုသာ လက်ခံသင်ကြားပေးလေ့ရှိကြောင်း သိရပြီး လိုင်စင်မရှိသည့် ကျောင်းများနှင့် တရားမဝင်အလုပ်လုပ်ကိုင်သူများကို ဆက်လက်နှိမ်နင်းသွားမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ထို့ပြင် စမုစခွန်တွင်လည်း လိုင်စင်ပယ်ဖျက်ခံထားရသော်လည်း ဆက်လက်လည်ပတ်နေသည့် တရားမဝင်ကျောင်းနှစ်ကျောင်းကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ ရွှေ့ပြောင်းအခြေစိုက်ကျောင်းသား ၉၀၀ ကျော်နှင့် တရားဝင်အထောက်အထားမရှိသည့် ဝန်ထမ်း ၂၇ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ကျောင်းတာဝန်ခံဖြစ်သူ ထိုင်းနိုင်ငံသားက ၎င်းနေရာကို လူငယ်စခန်းအဖြစ် လိုင်စင်ယူထားခြင်းဖြစ်ကြောင်း ဆင်ခြေပေးခဲ့သော်လည်း အာဏာပိုင်များကမူ အဆိုပါနေရာသည် ပညာရေး သို့မဟုတ် လူငယ်နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမျိုးအတွက်မျှ မှတ်ပုံတင်ထားခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။






