27 C
Yangon

သရက်ချောင်းမြို့နယ်၊ သင်းကျွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ ဇွန် ၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်မှ စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သင်းကျွန်ရွာကို လက်နက်ကြီးများဖြင့် ၄ ကြိမ် ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေပြည်သူ အမျိုးသမီး ၁ ဦးသည် ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ ကျန် အမျိုးသား ၁ ဦးသည်လည်း သွေးထွက်လွန်၍ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးသည်လည်း ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“သရက်နှစ်ခွရွာအနီးက စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ သင်းကျွန်ရွာထဲကို လက်နက်ကြီး ၄ လုံးပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အမျိုးသမီး ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်။ ကျန်တဲ့ အမျိုးသား ၁ ဦးကတော့ သွေးထွက်လွန်ပြီး ထပ်မံ သေဆုံးတယ်လို့ ကျနော်တို့ ကြားသိထားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ထားဝယ်မြို့ဘက်မှ လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း သရက်ချောင်းမြို့နယ် အတွင်းကို စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ စစ်ကြောင်းသည် ကင်းရှေ့ရွာမှ အနီးအနားရှိ ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုးနေကြောင်း၊ ထိုစစ်ကြောင်းသည် မည်သည့် နေရာကို ဆက်လက်ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ထားဝယ်ဘက်ကနေလာတဲ့ မြေပြင် စစ်ခွေးစစ်ကြောင်းကလည်း ဒီနေ့မှာ ကင်းရှေ့ရွာအနီးက ရွာတွေကို စစ်ကြောင်းထပ်ထိုးနေပါတယ်။ ပြည်သူ ဖမ်းဆီးခံရတာတော့ မကြားမိသေးဘူး။ စစ်ခွေးတွေ လက်နက်ငယ်တွေ ရမ်းပစ်တာတော့ ရှိတယ်။ သရက်ချောင်းမြို့ပေါ်ထိပဲ ဆက်သွားမလား ဘယ်ကို ဆက်ထွက်မလဲဆိုတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article