ရန်ကုန်၊ ဇွန် ၄
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ LIDA Myanmar စက်ရုံတွင် အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ရန် အလုပ်သမားများ ၄ ရက်ကြာ ဆန္ဒပြတောင်းဆိုနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်းတွင် ဖွင့်လှစ်ထားသော LIDA Myanmar Co., Ltd. အထည်ချုပ်စက်ရုံတွင် အလုပ်သမားများကို အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ရန် အတွက် အလုပ်သမား ၁၀၀ ကျော်ကို ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကြိုတင်အကြောင်းမကြားဘဲ အချိန်ပို ခေါ်ယူခြင်းအပေါ် အလုပ်သမားများက အလုပ်မဆင်းနိုင်ကြောင်း ငြင်းဆန်ပြောဆိုမှု အပေါ် စက်ရုံ အောချုပ် ဖြစ်သူ ဒေါ်သူဇာက အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့သည့်အပြင် “All Night မဆင်းရင် အခုချုပ်နေတဲ့ အော်ဒါတွေ ချမပေးတော့ဘူး၊ လူတွေကိုလည်း လိုင်းချိန်းပစ်မယ်” ဟု ဆိုကာ လုပ်ငန်းခွင်အတွင်း အာဏာသုံး၍ ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စက်ရုံရှိ တာဝန်ရှိသူများသည် အလုပ်သမား အခွင့်အရေးများကို ချိုးဖောက်မှု၍ အလုပ်သမားဥပဒေအရ အချိန်ပိုခေါ်ယူပါက ကြိုတင်ညှိနှိုင်း အကြောင်းကြားရမည်ဖြစ်သော်လည်း အတင်းအကျပ် ဆင်းခိုင်းခြင်း၊ လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ဖိအားပေးခြင်း၊ အချိန်ပိုမဆင်းပါက အလုပ်ခွင်တွင် အဆင်မပြေဖြစ်အောင် အော်ဒါ ဖြတ်တောက်မည် လိုင်းပြောင်းရွှေ့ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံခံရခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စနေနေ့မှာ ညလုံးပေါက် OT ခေါ်တယ်။ အလုပ်သမားတွေ မဆင်းကြဘူး။ စက်ရုံက all Super က ဆဲတယ်။ လိုင်းချိန်းမယ်တို့ ဖမ်းခိုင်းမယ်တို့ အမျိုးစုံပဲပေါ့နော်။ သူတို့ ထုံးစံအတိုင်း ခြိမ်းခြောက်တယ်။ ဒီ EC စာချုပ်ဖောက်ဖျက်မှုနဲ့ ကျွန်မတို့ တိုင်ပေးမယ်ပေါ့နော်။ ဆန္ဒမပြနဲ့ ပြစရာမလိုဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် အလုပ်သမားတွေက ဒီခံဝန်လောက်ကို ထိုးပြီး အဲဒီ All super ကို ထားတာကို မကျေနပ်ဘူး။ သူတို့ ဆက်ပြမယ်လို့ပြောတယ်။ ကျွန်မတို့ဘက်ကတော့ သူတို့ပေးတဲ့ အချက် အလက်အရ တိုင်ကြားမှုတွေ လုပ်ပေးခဲ့တယ်။ တိုင်ကြားမှုက သုံးစောင်လို့ ယူဆရတယ်။ ကျွန်မတင်ပေးလိုက်တယ်ပေါ့။ စာချုပ်ဖောက်ဖျက်မှုတွေရော ခုနက ဆဲတဲ့ အတွက် EC စာချုပ်ဖောက်ဖျက်မှုတွေရော OT ညလုံးပေါက်ခေါ်တဲ့အတွက် မလို့ အဲဒီ OT ကို ခေါ်တာ ဥပဒေနဲ့ ညီမညီလည်းရောတင်တယ်။ သူတို့ စက်ရုံမှာဖြစ်နေတဲ့ အခြားကိစ္စတွေ အလညရုံးဘက်က စစ်ရမယ့်ဟာတွေပါတိုင်တယ်” ဟု Solidarity of Trade Union Myanmar မှ တာဝန်ရှိသူကပြောဆိုသည်။
ထိုသို့ တိုင်ကြားမှု ပြုလုပ်ပြီးနောက် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ရုံးမှ ဇွန်လ ၂ ရက်နေ့တွင် စက်ရုံသို့ လာရောက်ခဲ့သော်လည်း အလုပ်သမားများက ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမား အဖွဲ့အစည်းက လာရောက်စစ်ဆေးမည်ဟု ပြောဆိုသောကြောင့် ပြေလည်မှုမရရှိခဲ့ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ Solidarity of Trade Union Myanmar က အလုပ်သမားများနှင့် အတူ ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။





