ရန်ကုန်၊ ဇွန် ၆
အကြမ်းဖက် စစ်တပ်အတွင်း အရာရှိရာထူးတိုးရန်အတွက် စစ်သားစုဆောင်းရေးကို စည်းရုံးရေးအရည်အချင်းတစ်ရပ်အဖြစ် အကြမ်းဖက် တပ်ချုပ်သစ်ရဲဝင်းဦးက တရားဝင် သတ်မှတ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ တပ်ချုပ်သစ် ရဲဝင်းဦးက မတ်လ ၃၀ ရက်နေ့မှစတင်ပြီး စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရယူပြီးနောက် စစ်တပ်အတွင်း အရာရှိ အဆင့်ဆင့် ရာထူးတိုးပေးရာတွင် စစ်သားစုဆောင်းနိုင်မှုကို စည်းရုံးရေး အရည်အချင်းအဖြစ် တရားဝင်သတ်မှတ်အကဲခတ်ဖြတ်မှုများ လုပ်ဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူးကစလို့ ရာထူးအဆင့်ဆင့်တက်ဖို့အတွက် စစ်သားစုဆောင်းရေး ဘယ်လောက် လုပ်နိုင်လဲဆိုတာကို စည်းရုံးရေး အရည်အချင်းတစ်ရပ်အဖြစ် ထည့်သွင်းသုံးသပ်မယ်။ ရာထူးတိုးမှာ ရိုးရိုးဘွဲ့တင်မဟုတ်ဘဲ မဟာဘွဲ့တွေ ကိုပါ ရာထူး တိုး လိုအပ်ချက်အဖြစ် တရားဝင် သတ်မှတ်တာတွေ ရှိလာတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ရာထူးတိုးအရည်အချင်းသတ်မှတ်ချက်တွင် စစ်သားစုဆောင်းရေးကိုပါ ထည့်သွင်းလာခြင်းကြောင့် လက်ရှိ ပြင်ပတွင် စစ်မှုထမ်းတပ်သားရရှိရေး ပေါ်တာဆွဲ ဖမ်းဆီး လူစားထိုးရောင်းချခြင်း စျေးကွက်ကို ပိုမို ဆိုးရွားလာစေမည်ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
“အခုတောင် လစဉ် စစ်မှုထမ်းတွေ မရလို့ အပြင်မှာ ပေါ်တာဆွဲတာတွေ ဆိုးရွားနေတာ။ အခု အရာရှိ ရာထူးတိုး သတ်မှတ်ချက်မှာ စစ်သားစုဆောင်းရေးကို တရားဝင် ထည့်လိုက်တော့ ပိုဆိုးကုန်မယ့် အခြေအနေရှိတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် စစ်တပ်အတွင်း အထက်အောက် ဆက်ဆံရေးကို ဖျောက်ဖျက်ပြီး ရဲဘော်ရဲဘက်ပုံစံဖြင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန်ဆိုသော ညွှန်ကြားချက်များ တပ်ချုပ်သစ်ရဲဝင်းဦးက ထုတ်ပြန်လာကြောင်း သိရှိရသည်။
“အထက်အောက်ဆက်ဆံရေးနဲ့ တစ်သွေး တစ်သံတစ်မိန့်ကို မိဘနဲ့သားသမီးပုံစံ၊ ဆရာနဲ့ တပည့် ပုံစံ၊ ညီအစ်ကို မောင်နှမ မိသားစုပုံစံမျိုး ဖော်ဆောင်ရမယ်ဆိုတာမျိုးတွေ လုပ်လာတာရှိတယ်။ အောက်ခြေက ပြောတာကို နား ထောင်ဖို့ Bottom Up လုပ်ဖို့ ပြောတာရှိတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်ရဲဝင်းဦး၏ တပ်တွင်း ပြောင်းလဲမှုပုံစံမှာ စစ်တပ်အတွင်း စွန့်ခွာလိုသူ များပြားနေခြင်း၊ အထက် အောက် ဖိနှိပ်မှုများကို ပြန်လည် အဖတ်ဆယ်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ကြောင်း တပ်သတင်းရင်းမြစ်က သုံးသပ်သည်။




