ရန်ကုန်၊ ဇွန် ၆
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံက လက်ဝါးကြီးအုပ်ထားသည့် မြေရှားသတ္တုနှင့် အရေးကြီးတွင်းထွက်ပစ္စည်းများရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်၊ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို တိကျသေချာစွာ အာမခံပေးရန် တရားဝင်တောင်းဆိုလိုက်သည်။
ဇွန်လ ၅ ရက်နေ့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ (Mr. Wang Yi) နှင့် အကြမ်းဖက်စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံဘက်မှ တိကျသေချာစွာ အာမခံပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း တောင်းဆိုသည်။
ထိုသို့ တရုတ်နိုင်ငံ၏ တောင်းဆိုမှုသည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့သည့် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီတို့ နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မင်းအောင်လှိုင်နှင့် မိုဒီတို့၏ ဆွေးနွေးပွဲတွင် မဟာဗျူဟာမြောက် အရေးပါလှသည့် မြေရှားသတ္တုနှင့် အရေးကြီးတွင်းထွက်ပစ္စည်းများ ရရှိရေး၊ ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ကိစ္စရပ်များမှာ အဓိကဆွေးနွေးစရာ ခေါင်းစဉ်များ ဖြစ်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကချင်ပြည်နယ်အတွင်းရှိ တရုတ်နယ်စပ်အနီးတွင် မြေရှားသတ္တုအမြောက်အမြား ထွက်ရှိသည့်နေရာများကို ပိုင်ဆိုင်ထားသော်လည်း၊ ယင်းမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ထွက်ရှိသမျှကို တရုတ်က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်းဖြစ်သည်။ လျှပ်စစ်ကားများနှင့် သန့်စင်စွမ်းအင်နည်းပညာများအတွက် ကမ္ဘာတစ်ဝှမ်း မြေရှားသတ္တုပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် အိန္ဒိယကလည်း မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ မြေရှားသတ္တုကုန်ကြမ်းများရရှိရန် အပြင်းအထန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
စစ်ရေး၊ စီးပွားရေးနှင့် မြေရှားသတ္တုအရေးအတွက် အိန္ဒိယက မြန်မာစစ်တပ်ထံသို့ ချဉ်းကပ်မှုများထွက်ပေါ်လာချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” ကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်လိုကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို ဆက်လက်တွန်းအားပေးလိုကြောင်း ပြောဆိုသည်။
ယင်းအပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းပြီး နယ်စပ်ဒေသငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုကြောင်း ပြောသည်။
မြန်မာစစ်တပ်ကလည်း အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကို ဆက်လက်နှိမ်နင်းသွားမည့်အပြင်၊ “One China Policy” ကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ပြီး ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေမည့် မည်သည့် “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုကိုမဆို ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ သားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။




