25.7 C
Yangon

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းတောင်းဆိုကြရန် နိုင်ငံတကာသို့ တိုက်တွန်း

Must read

ရန်ကုန်၊ ဇွန် ၇

၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးကြပါရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက တိုက်တွန်းပြောကြားလိုက်သည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် ၎င်းက ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး လည်ပတ်နေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို တရားမျှတစွာ ဆက်ဆံနေသည်ဟု ပြောဆိုနေသော်လည်း၊ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် သက်ရှိထင်ရှားရှိမှုအတွက် လွတ်လပ်သည့် အထောက်အထားတစ်စုံတစ်ရာ မရရှိသေးကြောင်း ၎င်းက ထောက်ပြသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း အထောက်အထား (Proof of Life) ပြသရန် စစ်ကောင်စီထံ ဆက်လက်တောင်းဆိုပေးကြရန် ညီလာခံတွင် တင်ပြသည်။

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက “အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာသည်အထိတောင်မှ နိုင်ငံတကာ အသိုက်အဝန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်မှုအတွက် လွတ်လပ်တဲ့ အထောက်အထားတွေ မရရှိကြသေးပါဘူး။ ဒါက နိုင်ငံရေးမေးခွန်းသက်သက် မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အခြေခံလူ့ဂုဏ်သိက္ခာအတွက် မေးခွန်းထုတ်စရာဖြစ်ပါတယ်။”ဟု ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ယုံကြည်မှုရှိပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေ အနေနှင့် ဖမ်းဆီးခံထားရသူအားလုံး၏ အခြေအနေများကို လွတ်လပ်စွာ အတည်ပြုခွင့် ပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အတည်ပြုခွင့်မပေးဘဲ ကန့်သတ်ထားခြင်းက မြန်မာနိုင်ငံ၏ လွတ်လပ်ခွင့်အခြေအနေသည် အလွန်စိုးရိမ်စရာကောင်းနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ထည့်သွင်းထောက်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article