25.7 C
Yangon

ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ

Must read

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင် တန်းကျောင်းများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်းကလေးမြို့ လူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကလေးမြို့တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ လမ်းဆုံများနှင့် လူစည်ကားရာ နေရာများ၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် နေ့စဉ် လူငယ် ၃၀ နီးပါး ဖမ်းဆီးခံနေရသည်။

ယခင်က ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် လိုက်လံရွေးထုတ်၍ ရသော်လည်း လက်ရှိတွင် ရွေးထုတ်ခွင့်မပေးတော့ဘဲ အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါ မှတ်ပုံတင်အတင်းအကျပ်လုပ်ပေးကာ စခန်းကြီးကျေးရွာအနီးရှိ စစ်တပ်၏ လေ့ကျင့်ရေး – ၁၀ တပ်သို့ တိုက်ရိုက်ပို့ဆောင်နေကြောင်း သိရသည်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူက “ပြီးခဲ့တဲ့ ၃ ရက်နေ့တုန်းက တစ်နေ့တည်းကို အယောက် ၃၀ လောက်ဆွဲတယ်။ အခုက တော်တော်လေးကို ဆိုးဝါးနေတယ်၊ အရင်ထက်ကို ပိုဆိုးလာတယ်။ မိုးလေဝသရုံးကုန်းဆင်းနားမှာလည်း ပန်းရံဆင်းပြီးပြန်တဲ့ အလုပ်သမား ၄ ယောက်ကို ဖမ်းသွားတယ်။ ကလေးမြို့ပေါ်မှာ ကြုံရင်ကြုံသလိုကို ဖမ်းနေတာ။ ဆိုင်ကယ်နဲ့ တစ်ယောက်တည်းလာရင်လည်း ဆိုင်ကယ်ကိုဖမ်းသလိုနဲ့တားပြီးတော့ လူကော ဆိုင်ကယ်ကော ဖမ်းတာပဲ။ လမ်းလျှောက်လာရင်လည်း ကားပေါ် အတင်းဆွဲတင်ပြီးဖမ်းတယ်။ အခြေအနေက တော်တော်လေးကို ဆိုးနေပါတယ်”ဟု ပြောဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဖမ်းဆီးမှုအများဆုံးလုပ်ဆောင်လေ့ရှိသည့် ဗိုလ်ချုပ်လမ်းမကြီး၊ စံပြလမ်း ထောင့်၊ လမ်းဆုံများနှင့် ဟိုတယ်/ကားကြီးဝင်း အနီးတဝိုက်သို့ သွားလာခြင်းမပြုရန်နှင့် ပိတ်ဆို့မှုအများဆုံးဖြစ်သည့် ညနေ ၃ နာရီမှ ၇ နာရီအတွင်း (ရုံးတက်ရုံးဆင်းချိန်နှင့် ဈေးအချိန်များ) ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန် လူထုတိုက်ပွဲကော်မတီက သတိပေးနှိုးဆော်ထားသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စေသူ့ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းနိုင် ဦးဆောင်ကာ ဇွန်လ ၁ ရက်နေ့မှစ၍ အနီးနားရှိ ကျေးရွာ ၉ ခုမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော လူငယ်များရှိသည့် နေအိမ်များကို စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၂၀,၀၀၀ စီ လိုက်လံကောက်ခံနေကြောင်း သိရသည်။

ငွေကြေးမပေးဆောင်သည့် နေအိမ်မှ လူငယ်များကို စစ်တပ်ထဲသို့ ပို့ဆောင်မည်ဟု အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ အပေါင်းအပါများက လိုက်လံခြိမ်းခြောက်နေခြင်း ဖြစ်သည်။

စစ်မှုထမ်းကြေး ကောက်ခံခြင်းခံနေရသည့် ကျေးရွာ ၉ ခုမှာ မကျီးကုန်းကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ အင်းပုတ်ကျေးရွာ၊ ကူတိုတောင်ရွာ၊ ကူတိုမြောက်ရွာ၊ စေသူ့ရှင်ကုန်းကျေးရွာ ၊ပေါက်ကုန်းကျေးရွာ၊ ခြင်္သေဦးကျေးရွာ၊ ကျဉ်ကုန်းကျေးရွာနှင့် ကျွဲကျောင်းကျေးရွာတို့ ဖြစ်ကြသည်။

ဒေသခံပြည်သူတစ်ဦးက “ထွန်းနိုင်က လက်နက်ရ ပျူစောထီး တစ်ယောက်ပါ။ ၂၅၃ ၊ ၂၅၄၊ ၂၅၅ တပ်ရင်း စလင်းအခြေစိုက် ၁၀၁ လက်အောက်ခံတပ်များထဲမှာ အနေများတယ်။ တပ်တွင်းထဲမှ စီစဉ်ညွှန်ကြားတာများတယ်။ စလင်းမြို့နယ် စေသူ့ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦးဆောင်ပြီးတော့ စစ်မှုထမ်းကြေး ကောက်ခံနေတာ။ စစ်မှုထမ်းကြေး မပေးဆောင်တဲ့ နေအိမ်က လူငယ်တွေကို စစ်တပ်ထဲ သွားရမယ်၊ အရေးယူမယ်၊ စစ်မှု ထမ်းရမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ သိရတယ်။”ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်မှုထမ်းကြေး ပေးဆောင်နေရသည့် ကျေးရွာ ၉ ခုစလုံး၌ စုစုပေါင်းအိမ်ခြေ ၂,၇၀၀ ဝန်းကျင်နှင့် လူဦးရေတစ်သောင်းကျော်ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ညအချိန် ဆိုင်ကယ်များကို စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article