25.7 C
Yangon

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ခုအတွင်း ဝင်ရောက်တပ်စွဲထား၍ စစ်ရေးဆက်လက်တင်းမာနေ၊ စစ်တပ်က ကျောင်းကားများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားနေဟု ၈၀ဝ၃ တပ်ရင်းက ထုတ်ပြန်ထား

Must read

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ခုအတွင်း ဝင်ရောက်တပ်စွဲထား၍ စစ်ရေးဆက်လက်တင်းမာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမြောကင်းတံတားမှနေ၍ လောင်းလုံးမြို့ဘက်ကို ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကြောင်း အထိနာပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် လက်ရှိချိန်တွင် စခန်းကြီးရွာကို ထပ်မံ ရောက်ရှိလာပြီး ရွာထဲ၌ တပ်စွဲထားကာ မည်သည့်နေရာကို ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဟိုနေ့က ကမြောကင်းတံတား ဘက်က ဆင်းလာတဲ့ကောင်တွေက မိုင်းဆွဲခံရပြီး ပြန်ဆုတ်သွားလို့ အခုစခန်းကြီးရွာကိုရောက်နေတယ်။ ဆုတ်သွားတဲ့ကောင်တွေက လမ်းကြောင်းပြောင်းပြီး စခန်းကြီးရွာဘက်ကို စစ်ကြောင်းပြန်ထိုးနေတယ်။ သရက်ချောင်းနဲ့ ထား၀ယ်မြို့ထဲက ကောင်တွေ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်။ အဲကောင်တွေ ဘယ်ကို ဆက်ထိုးမလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်မှ ထွက်ခွာလာသော စစ်ကြောင်းသည် စစ်ပြဲကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် လက်ရှိချိန်တွင် ညင်းမော်ရွာဘက်ကို ရောက်ရှိနေပြီး ရွာထဲ၌ တပ်စွဲထားသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေး ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ညင်းမော်ရွာထဲ ရောက်နေတဲ့ ကောင်တွေက လောင်းလုံးမြို့ပေါ်က လာတဲ့ကောင်တွေ အိမ်တွေမှာ ၀င်နေနေတယ်။ အခုထိတော့မရွေ့သေးဘူး။ လောင်းလုံးမြို့ပေါ်ပဲ ပြန်ဆုတ်မလား ဘယ်ကို ဆက်သွားမလားဆိုတာတော့ ကျနော်တို့ မသိရသေးဘူး။ စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေလျက်ရှိပြီး အရပ်သား ပြည်သူများကို စစ်တပ်က လူသားဒိုင်းသဖွယ် အသုံးပြုနေပြီး ကျောင်း ကြို/ပို့ ယာဉ်များကိုလည်း အကာကွယ်ယူပြီး သွားလာလှုပ်ရှားမှုများပြုလုပ်နေကြောင်း ထားဝယ်ခရိုင်၊ အမှတ်-၈၀၀၃-တပ်ရင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များသည်လည်း လောင်းလုံးမြို့နယ်အတွင်း စစ်ဆင်ရေး အရှိန်ဟုန်မြှင့် ဖော်ဆောင်သွားနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး မြို့ပေါ်ကျောင်းအပ်နှံထားသော မိဘများအနေဖြင့် ကလေးငယ်များ လုံခြုံရေးကိုရှေးရှု့၍ မြို့ပေါ်၌ ပြောင်းရွေ့နေထိုင်ပေးကြပါရန် လောင်းလုံးမြို့ နယ် (၈၀ဝ၃) တပ်ရင်း ၊(ပအဖ) (ပကဖ) (ပလဖ)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊အထူးပြောက်ကျားတပ်ဖွဲ့(SGF) နှင့် လောင်းလုံးပညာရေး(ဘုတ်အဖွဲ့) တို့မှပူးတွဲ မေတ္တာရပ်ခံထားသည်။

ထိုသို့ တားမြစ်ရခြင်းသည် ကျောင်းသူကျောင်းသားများကို လွတ်လပ်စွာပညာသင်ယူခွင့် တားမြစ် ဟန့်တားခြင်းမဟုတ်ဘဲ နယ်မြေသည် စစ်ရေးနယ်မြေဖြစ်သောကြောင့် ကျောင်းကားများ နှင့်အတူ စစ်ကားများပါ လိုက်ပါလာနိုင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သောကြောင့် မလိုလားအပ်ဘဲ ကျောင်းသူကျောင်းသားများကို ထိခိုက်လာနိုင်ခြင်းကြောင့် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်၊ အမှတ်-၈၀၀၃-တပ်ရင်းက ပြောဆိုထားသည်။

“နယ်ဖက်က ကျောင်းသားမိဘတွေကို အသိပေးခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေကို ထားဝယ်မြို့ပေါ်မှာ ကျောင်းအပ်ထားသည့်အတွက် ကျောင်းသားတွေကို ထားဝယ်မြို့ပေါ်မှာပဲ ထားစေချင်ပါတယ်။ ကျောင်းအကြို/ပို့ ကားက နေ့တိုင်း ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကို ကျောင်းအကြို /ပို့ လုပ်နေတယ်။ စစ်သားတွေက အခွင့်အရေးယူပြီး လူသားဒိုင်းသဖွယ် ပြုလုပ်ခြင်းကြောင့် သတိပေးခြင်းဖြစ်ပါတယ်။ ဘယ်ကျောင်းပဲ ဖြစ်ဖြစ် ကျောင်းသားတွေကို တားဆီးပိတ်ပင်လိုတဲ့ စိတ်လုံးဝမရှိပါဘူး။ အာဏာရှင်မြစ်ပြတ်ချေမှုန်းရေးကို အဓိကပြုလုပ်သွားပါ့မယ်။ ကျောင်းသားတွေ ဘေးကင်းရန်အတွက် သတိပေးခြင်းဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းသဖွယ်ပြုလုပ်နေတဲ့အတွက် သတိပေးခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်နဲ့ပက်သက်ပြီးတော့ ဝေဖန်သူတိုင်းကို ပြောကြားလိုပါတယ်။ နှစ်ဦးနှစ်ဖက်ညီညွတ်စွာ စဥ်းစားဆုံးဖြတ်ကျဖို့ပြောကြားလိုတယ်” ဟု ထားဝယ်ခရိုင် အမှတ်(၈၀၀၃)တပ်ရင်း သတင်းနှင့်ပြန်ကြားရေး မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article