ရန်ကုန်၊ ဇွန် ၈
ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်၊ လာ့လွမ်ကော်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ရှာဖွေပေးနေသည့် အသက် ၄၃ နှစ်အရွယ် မြန်မာပွဲစားအမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။
ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်အချိန် ပထုံထာနီခရိုင်၊ လာ့လွမ်ကော်မြို့နယ်၊ နမိုင်းရပ်ကွက်ရှိ အစ္စလာမ်ပညာရေးမြှင့်တင်မှုဖောင်ဒေးရှင်းအနီး နေအိမ်တစ်လုံးအတွင်း လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လာ့လွမ်ကော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်အိပ်ခန်းအတွင်း သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသည့် အသက် ၄၃ နှစ်အရွယ် မြန်မာပွဲစားအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေဆုံးသူ မြန်မာအမျိုးသမီးသည် အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေပြီး ၎င်း၏ လည်ပင်းတွင်လည်း မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဦးခေါင်းတွင်လည်း မာကျောသည့် အရာဝတ္ထုဖြင့် ၄ ချက်ခန့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။ အဆိုပါနေအိမ် ရေချိုးခန်းအတွင်းရှိ ရေပုံးထဲ၌လည်း သွေးစွန်းနေသည့် တူတစ်ချောင်းနှင့် ဓားတစ်ချောင်းတို့ကို ထိုင်းအာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။
သေဆုံးသူ၏ သားဖြစ်သူ၏ ထွက်ဆိုချက်အရ မိခင်ဖြစ်သူသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို အလုပ်အကိုင်ရှာဖွေပေးနေသည့် ပွဲစားတစ်ဦးဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်နေ့က သားဖြစ်သူသည် နံနက်ပိုင်းကတည်းက အလုပ်ထွက်လုပ်နေပြီး ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ မိခင်ဖြစ်သူမှာ သွေးအိုင်ထဲတွင် လဲကျနေသည်ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းက မိခင်ဖြစ်သူအား အရေးပေါ်နှလုံးနှိုးစက် (CPR) စနစ်ဖြင့် အသက်ကယ်ရန် ကြိုးစားခဲ့ပြီး လူမှုကူညီရေးအဖွဲ့များကို ချက်ချင်းအကြောင်းကြားခဲ့သော်လည်း ကူညီရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုလူသတ်မှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂ ပတ်ကျော်ခန့်က မိခင်ဖြစ်သူကိုယ်တိုင် ဘန်ကောက်မြို့ တောင်ပိုင်းအဝေးပြေးကားဝင်းသို့ သွားရောက်ခေါ်ဆောင်လာခဲ့သည့် သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးရှိကြောင်း သားဖြစ်သူက ထွက်ဆိုထားသည်။ အဆိုပါ အမျိုးသားသည် ၎င်းတို့အိမ်တွင် ခိုလှုံနေထိုင်ပြီး အလုပ်ရရန် စောင့်ဆိုင်းနေသူဖြစ်ကာ လူသတ်မှုဖြစ်ပွားပြီးနောက်တွင် နေအိမ်မှ ချက်ချင်းပျောက်ဆုံးသွားခဲ့သည်။
လက်ရှိတွင် လာ့လွမ်ကော်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က မြန်မာပွဲစားအမျိုးသမီးကို သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် သံသယရှိသူ မြန်မာအလုပ်သမားကို ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ အနီးဝန်းကျင်ရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများကို လိုက်လံစစ်ဆေးခြင်းနှင့် ကွင်းဆင်းရှာဖွေစစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။




