26.3 C
Yangon

ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော စစ်အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်

Must read

ရန်ကုန်၊ ဇွန် ၈

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နှင့် ဇွန်လ ၅ ရက်နေ့တို့တွင် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ရွာအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကုန်းကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်များကဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်တပ် အရာရှိများကိုလည်း လူနာတင်ကားဖြင့် ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ရွှေတောင် စစ်ဆေးရုံတွင်လည်း ဒဏ်ရာရ စစ်သားများ ပြည့်နှက်နေကြောင်း သိရှိရသည်။

“ဒဏ်ရာရစစ်ခွေးအကောင်ကြီးတွေကို ရွှေတောင်ကို ပို့တာဟုတ်ပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ညောင် ခြေထောက်ရွာနားမှာ တိုက်ပွဲဖြစ်တာပေါ့။ စစ်ခွေး ၂၀ လောက်သေတယ်။ ဒဏ်ရာရတာလည်းများတယ်။ အခုက ရွှေတောင်စစ်ဆေးရုံမှာ ဒဏ်ရာရ စစ်ခွေးတွေ တော်တော်များနေပြီ” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မေလပိုင်းကလည်း ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာ ကပစ ၁၆ အနီးရှိ ဗျူဟာကုန်းနှင့် ကာကင်းစခန်းများကိုလည်း AAနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်သား ၂၀ ကျော်၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဒဏ်ရာများဖြင့် ဆုတ်ခွာသွားသော စစ်သားများထဲမှ နောက်ထပ် ၂၀ ကျော်မှာလည်း ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ကပ်လျပ်တွင်ရှိသော မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းတွင်လည်း ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက မေလ ၃၀ ရက်နေ့မှ စတင်ကာ ဇွန်လ ၂ ရက်နေ့ထိ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ၄၀၀ ကျော်ခန့်ရှိကာ လက်နက်ချ အလံဖြူထောင်သူ ၁၀၀ ခန့်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုလပိုင်းအတွင်း တိုက်ပွဲအတွင်း သေဆုံးသော အကြမ်းဖက်စစ်တပ်မှ အရာရှိ ဗိုလ်မှူးတစ်ဦး၏ နာရေး ပြင်ဆင်ထားစဉ်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article