26.2 C
Yangon

မြန်မာစစ်တပ်အပေါ် ပိုမို ပိတ်ဆို့အရေးယူရန်၊ နိုင်ငံတကာ အထည်အမှတ်တံဆိပ်များအားလုံး မြန်မာနိုင်ငံမှ ထွက်ခွာကြရန်၊ EU ၏ ကုန်သွယ်မှု အထူးအခွင့်အရေး ရပ်ဆိုင်းရန် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်- IndustriALL က တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၀

မြန်မာစစ်ကောင်စီထံ စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်းများကို ပိတ်ဆို့အရေးယူမှုများ၊ သံတမန်ရေးအရ အထီးကျန်စေမှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး သဘောတူညီချက်များကို ရပ်ဆိုင်း ဖြတ်တောက်ကြရန် ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်-IndustriALL က တောင်းဆိုလိုက်သည်။

ဇွန်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၁၁၄ ကြိမ်မြောက် နိုင်ငံတကာအလုပ် သမားရေးရာညီလာခံ (ILC) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတွင် IndustriALL ကမ္ဘာလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂအဖွဲ့ချုပ်က နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် အဖွဲ့ဝင်များကို ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ့အရေး အထူးအစည်းအဝေးတွင် ပြီးခဲ့သည့်နှစ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၃ ကို ကိုးကားပြီး မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် (ကွန်ဗင်းရှင်း အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေးစေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက် (ကွန်ဗင်းရှင်း အမှတ် ၈၉) တို့ကို ချိုးဖောက်နေသည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ILO ညီလာခံတွင် IndustriALL ၏ အထွေထွေအတွင်းရေးမှူးချုပ် အက်တဲလ် ဟွိုင်ယဲ က မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍရှိ အလုပ်သမား ၄၅၀,၀၀၀ ခန့်၏ အခြေအနေကို ထောက်ပြပြောဆိုရာတွင် အလုပ် သမားများသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀ အောက်သာ လုပ်ခလစာ ရရှိနေကြပြီး ယင်းပမာဏမှာ ၎င်းတို့ရပ်တည်နိုင်ရန် လိုအပ်သည့် ကုန်ကျစရိတ်၏ ထက်ဝက်ခန့်သာ ရှိကြောင်း ဆိုသည်။

ထို့ပြင် စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများသည် စစ်အုပ်ချုပ်ရေးအောက်တွင် လည်ပတ်နေရသဖြင့် အလုပ်သမားများအနေဖြင့် စစ်ဆေးရေးဂိတ်များ၊ လက်ကိုင်ဖုန်းများကို ဝင်ရောက်စစ်ဆေးခံရမှုများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ကြုံတွေ့နေရသည့်အပြင်၊ အချိန်ပို (OT) ဆင်းခများကို မရဘဲ အတင်းအဓမ္မ စေခိုင်းခံရခြင်းနှင့် စက်ရုံများက အလုပ်သမားများ၏ ကိုယ်ရေးအချက် အလက် များကို စစ်တပ်ထံ ပေးပို့နေခြင်းကြောင့် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရမည့် ဘေးအန္တရာယ်များနှင့်ပါ ရင်ဆိုင်နေရသည်ဟု အသေးစိတ် တင်ပြသည်။

အက်တဲလ် ဟွိုင်ယဲ က စစ်တပ်ကျောထောက်နောက်ခံပြု အလုပ်သမား အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IWFM) ကို ၎င်းတို့က ကိုယ်စားပြုသယောင် မမှန်မကန် လုပ်ဆောင်နေကြသဖြင့် အဆိုပါ အပြိုင်အဆိုင်ထောင်ထားသည့် အဖွဲ့အစည်းများကို တရားဝင် အလုပ်သမားကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုကြရန် သတိပေး တောင်းဆိုသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍသို့ ဝင်လာသည့် နိုင်ငံခြားငွေအားလုံးကို ၂၄ နာရီအတွင်း သတ်မှတ်ထားသည့် နှုန်းထားအတိုင်း အဓမ္မလဲလှယ်ရမည်ဆိုသည့် စစ်ကောင်စီ၏ ဥပဒေကြောင့် ၎င်းတို့အတွက် အဓိက နိုင်ငံခြားငွေရရှိရာ လမ်းကြောင်းတစ်ခု ဖြစ်နေကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ (EU) စျေးကွက်အတွင်းသို့ GSP နှင့် EBA စနစ်များအောက်မှ ကုန်သွယ်ရေး အထူးအခွင့်အရေးများ ရရှိနေဆဲ ဖြစ်ကြောင်း ထောက်ပြသည်။

မြန်မာ့အထည်ချုပ် တင်ပို့မှု၏ ၅၄ ရာခိုင်နှုန်းသည် EU သို့ သွားခြင်းဖြစ်ပြီး ကျန်သည့်ပမာဏ အများစုကို ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့က ဝယ်ယူနေခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ILO က ပြင်းထန်ဆုံး ပိတ် ဆို့မှုအဆင့်ဖြစ်သည့် အပိုဒ် ၃၃ ကို အသုံးပြုခဲ့သော်လည်း EU ဘက်က အထူးအခွင့်အရေးများကို ဆက်ပေးထားသည့်အပြင် မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်မှုကို ထောက်ပံ့ရန် “MADE in Myanmar” ဆိုသည့် စီမံကိန်းကိုပါ ရန်ပုံငွေ စိုက်ထုတ်ပေးနေကြောင်း ထောက်ပြ ဝေဖန်သည်။

မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂများကမူ အဆိုပါစီမံကိန်းသည် အလုပ်သမားအခွင့်အရေး ချိုးဖောက် မှုများကို ဖုံးကွယ်ပေးရန်နှင့် အထည်ချုပ်အမှတ်တံဆိပ်များအတွက် နိုင်ငံရေးအရ အကာ အကွယ်ပေးရန် လုပ်ထားသည့် အတုအယောင်စီမံကိန်းဖြစ်သည်ဟု ပြစ်တင်ရှုတ်ချထားသော်လည်း အဆိုပါ အမှတ်တံဆိပ်များသည် လုပ်အားခစျေးပေါခြင်းနှင့် ထုတ်လုပ်ရ လွယ်ကူခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ ဆက်လက်မှာယူနေကြဆဲ ဖြစ်ကြောင်း သိရှိရသည်။

IndustriALL ၏ အထွေထွေအတွင်းရေးမှူးချုပ် အက်တဲလ် ဟွိုင်ယဲ က မိမိတို့အနေဖြင့် EU ၏ GSP နှင့် EBA စနစ်များအပါအဝင် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ပေးထားခြင်းကို ရပ်ဆိုင်းစေလိုပြီး၊ အထည်ချုပ်အမှတ်တံဆိပ်များအနေဖြင့်လည်း မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိရှိ ထွက်ခွာရန် တောင်းဆိုထားသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များနှင့် ဒေသအသီးသီးမှ အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ဆွေးနွေးတင်ပြခဲ့ကြပြီး မြန်မာစစ်ကောင်စီဘက်ကမူ ညီလာခံတက်ရောက်ခွင့် မရရှိခဲ့သဖြင့် တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

သို့ရာတွင် ရုရှားနှင့် အခြားအစိုးရအချို့ကမူ မြန်မာနိုင်ငံအပေါ် ILO အပိုဒ် ၃၃ အရ အရေးယူဆောင်ရွက်မည့်အပေါ် ၎င်းတို့ သဘောမတူကြောင်း ကန့်ကွက်ပြောဆိုခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article