ရန်ကုန်၊ ဇွန် ၁၀
မြန်မာနိုင်ငံ၏ ပဋိပက္ခ အခြေအနေများကို လေ့လာသိရှိနိုင်ရန်နှင့် အဖြေရှာနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က ယနေ့ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ နစ်ကေး (Nikkei)က ကျင်းပသည့် ဖိုရမ်တစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီး လာဇာရိုက “မြန်မာ့အရေးကို ကျွန်မတို့ ဘယ်လိုမျိုး တကယ်တမ်း ကူညီပေးနိုင်မလဲဆိုတဲ့ အခြေ အနေတွေကို သိရှိနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ မည်သည့်အဖွဲ့များနှင့် မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည့် အသေး စိတ်အချက်အလက်ကိုမူ တိတိကျကျ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို မြန် မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို စစ်တပ်က ရက်ရက် စက်စက် နှိမ်နင်းခဲ့ပြီးနောက်ပိုင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပါဝင်သည့် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပြီး ယနေ့အထိ ပဋိပက္ခများ ပြင်းထန်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း၊ ပြီးခဲ့သည့် ဧပြီလတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရအမည်ခံသစ်တစ်ရပ် အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။
မြန်မာနိုင်ငံဘက်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရသစ်အနေဖြင့် အာဆီယံနှင့် ဆက် ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။
ဖိလစ်ပိုင်နိုင်ငံ (မနီလာမြို့) သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြန်မာ့အရေးအကျပ် အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်သည့် “သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးပွဲ” (Stakeholders’ meeting) တစ်ရပ်ကို ခေါ်ယူကျင်းပပေးခဲ့ဖူးသည်




