25.2 C
Yangon

ရေတာရှည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ပိတောက်ကုန်းရွာကိုလည်း မီးရှို့ထားကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ ရွာသာယာရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းအနီးကိုလည်း စစ်တပ်ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ

Must read

ရန်ကုန်၊ ဇွန် ၁၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပိတောက်ကုန်းရွာကိုလည်း မီးရှို့ထားကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး ရေတာရှည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀၀ ခန့် စစ်ကြောင်းသည် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပိတောက်ကုန်းရွာမှ ဒေါ်တင်ရီ ဗုံးစထိမှန်ပြီး သေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပိတောက်ကုန်းရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ဦး ထပ်မံသေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် ဇွန်လ ၃ ရက်နေ့က PDF တပ်များက ဆွာရွာမကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သောကြောင့် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို တန်ပြန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိချိန်ထိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရေတာရှည်မြို့နယ်အခြေစိုက် ၃၅၀၄ တပ်ရင်းနှင့် နေပြည်တော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ကလည်း ရေတာရှည်မြို့ ရွာသာယာရပ်ကွက်ရှိ အောင်ထူးချွန်ကိုယ်ပိုင်ကျောင်းရှေ့ ခြံအတွင်းကို အကြမ်းဖက် စစ်တပ်၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့၍ ပြည်သူတချို့ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်က PDF တပ်များ လုပ်ဆောင်သည်ဟု သတင်းမှားထုတ်ပြန်ရန် ပြုလုပ်နေကြောင်း သိရသည်။

“ရေတာရှည်ဘက်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ စစ်ခွေးတွေ စစ်ကြောင်းထိုးနေတော့ PDF တပ်က ခုခံ တိုက်ခိုက်နေပါတယ်။ မနေ့ကလည်း ရွာသာယာရပ်ကွက်က အောင်ထူးချွန်ကိုယ်ပိုင်ကျောင်းရှေ့ခြံကို စစ်ခွေး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာကို PDF က လုပ်တယ်ဆိုပြီး သတင်းမှားတွေ ထုတ်ပြန်ဖို့ လုပ်နေပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ကုန်းကျေးရွာ၊ အုတ်မြေလူးကျေးရွာ၊ ဆီဆိုင်ကျေးရွာ၊ အေးရွာလေးကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ရေတာရှည်လေးကျေးရွာ၊ ရေငံကျေးရွာ၊ အင်းကြီးပေါက်ကျေးရွာ၊ ခင်တန်းရွာသစ်ရွာ၊ ကံလှကျေးရွာ၊ ဂွေးသဲကျေးရွာ၊ တောင်အင်းကုန်းကျေးရွာ၊ ကြာအင်းကုန်းကျေးရွာနှင့် ကြိတ်ပုတီးကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article